Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မေလအတွင်း လေပြင်းဒဏ်ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး
DVB
·
June 5, 2024
Photo - MFSD၊တော်ဝင်

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကာကွယ်ကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

မေ ၁ ရက်ကနေ ၃၁ ရက်အထိ ကာလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ် အလုံး ၅၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး အလုံး ၅၀ ကျော် အမိုးလန် ပျက်စီးခဲ့ကာ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ထောင်စု ၁၀၀ ထက် မနည်းက ဒေသခံတွေ လေဘေးဒဏ်သင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအခြေပြု ဆောင်ရွက်နေတဲ့ သဘာဝေဘးကာကွယ်ကူညီရေး အဖွဲ့ဝင် တယောက်က “ဟင်္သာတဘက်က လေပြင်းဒဏ်ကြောင့် သစ်ပင်လဲကျလို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ပျက်စီးဆုံးရှုံးတာတွေကလည်း ဟင်္သာတ၊ အင်္ဂပူနဲ့ ကျောင်းကုန်းဘက်မှာ အဖြစ်များခဲ့တယ်။ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ရေးတွေ လုပ်ပေးတာ အရမ်းအားနည်းတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဧရာဝတီတိုင်းထဲက သာပေါင်း၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အမာ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဘိုကလေး၊ ထူးကြီး စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “လေပြင်းဒဏ်ကြောင့် သွပ်မိုး၊ ထရံကာ နေအိမ်နဲ့ ဓနိမိုး ထရံကာ၊ ပျဉ်ခင်းအိမ်တွေ ပျက်စီးခဲ့တာ များတယ်။ ထောက်ပံ့ရေးလုပ်ဖို့ဆိုပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်တာတွေ လုပ်ပေမဲ့ ဒီနေ့အထိ အကူအညီမရတာတွေရှိတယ်၊ ဟန်ပြသက်သက်ပါပဲ” လို့ ပြောပါတယ်။

အဲဒီ လေပြင်းဒဏ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ သေဆုံးတာမရှိပေမဲ့ လျှပ်စစ်မီးတိုင်တွေ လဲကျတာ၊ ကားလမ်းတွေ ပိတ်ဆို့တာ၊ စာသင်ကျောင်းတွေ ပြိုကျတာ၊ ဘုန်းကြီးကျောင်းတွေ အမိုးလန် ပျက်စီးတာတွေပါ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024