(က)
တနယ်တကျေး ဟိုးအဝေးကြီးကနေ ခဏလေးပါပဲဟု ရှောင်ပြေးလာသည့် ဖေကြီးကား သည်ရွာသားပင် ဖြစ်နေပါပြီဟု ဆိုကြပါ၏။ အရှေ့မြောက်ဘက်ကရွာမှာ သွားနေလိုက်၊ အနောက်တောင်ဘက်ကရွာမှာ သွားနေလိုက်ဖြင့် ခင်မင်သူများရှိရာမှာ မကြာမကြာ လိုက်သွားပြီးနေသော်ငြား သည်ရွာကလေးကား ချည်တိုင်ပမာ ဖြစ်ပါ၏။
မြို့ကြီးပြကြီးတွေနှင့် အလှမ်းဝေးသော်လည်း မြို့သေးပြသေး တောမြို့ကလေးတွေနှင့်တော့ ဆိုင်ကယ်ခပ်ပျော့ပျော့ေမာင်းလျှင် ၁ နာရီမကြာပါ။ တခါတခါတော့ ဆိုင်ကယ်ကြုံရှိရင် ထိုတောမြို့ကလေးတွေဆီသို့ ကံထူးစွာ ရောက်ရှိသွားတတ်ပါ၏။ ဒါလည်း ၂ လတခါ ၃ လတခါ ဆိုသလိုပါ။
တောမြို့ကလေးတွေ ဆိုသော်ငြား ဈေးဆိုင်ကြီးများရှိကာ လယ်ယာသုံးပစ္စည်းများကအစ စည်ဘီယာဆိုင်များအထိ ရှိပါလေ၏။ မြို့ပေါ်ရောက်လျှင် အလွယ်စားသုံးနိုင်သည့် ခေါက်ဆွဲခြောက်ထုပ်များ၊ ကော်ဖီမစ်ထုပ်များနှင့် ကြာရှည်ထားလို့ရမည့် ငါးခြောက်ငါးခြမ်းများကို ဝယ်ယူဖြစ်ပါ၏။
ဆိုင်ကယ်ကြုံမိတ်ဆွေများနှင့် လမ်းကြုံလိုက်ကာ ဈေးလေးဘာလေးဝယ်ရင်းကနေ တခါတလေမှာ ဘီယာဆိုင်တွေ ဘာတွေကို ရှားပါးစွာ ရောက်ရှိတတ်ပါ၏။ “ဟိုးအရင်ခေတ်အခါက ရွာသားေတွ မြို့ရောက်ရင် ‘ဖာလူဒါ’ သောက်တယ်ကွ” ဟု အရွှင်အဘတွေ၏ ခပ်သောသောပြောစကားကို ပြုံးမိပါ၏။
“နောက်ပိုင်းခေတ်ကျတော့ ဘီယာဆိုင် ထိုင်ကြတာပေါ့ကွာ၊ မာဆတ်သွားတဲ့လူလည်း သွားပေါ့ ဖေကြီးရာ”
“ဧကန္တတော့ အဘစောမူးသာ မြို့ပေါ်ေရာက်ရင် ‘မာဆတ်’ ဝင်တယ်ထင်တယ်”
“မဝင်နိုင်ပါဘူးဖေကြီးရာ . . . ခေတ်ဆိုးေခတ်ပျက်ကြီးထဲမှာ ပုံမှန်ဝင်ငွေတောင်မရှိဘဲ အခုဆိုရင် ထမင်းတနပ်တောင်မှ လျှော့စားနေကြရတဲ့ဘဝတွေကို ရရှိခံစားနေကြရပြီမဟုတ်လား . . ဟားဟားဟား ဟားဟားဟား”
ရယ်စရာစွက်၍ ပြောသော်ငြား ကြေကွဲဖွယ်ရာ ခေတ်ကာလဆိုး အခြေအနေပါပေ။ “ဒါတွေအားလုံးရဲ့ လက်သည်တရားခံဟာ ကြင်စိုး သာဝ မအလပဲဟ” ဟုလည်း စကားဆက်ပါလေ၏။
“အေးကွာ . . မအလကို အပြုတ်ဆော်နေတဲ့အချိန်မှာ ငါတို့လည်း အသက်ကြီးသွားလို့ ဘယ်နေရာကမှ ဝင်မပါနိုင်တော့တာကို စိတ်မကောင်းဘူး” ဟု အဘချစ်ဦးက ဝမ်းနည်းသံဖြင့် ပြောလာလေရာ အဘစောမူးသာက အသာပြုံး၍ “မင်းတို့ငါတို့တွေ ပါဝင်ဆင်နွှဲနိုင်တဲ့ နေရာတွေလည်း ရှိပါတယ်ဟ” ဟု ဆိုလာပါ၏။
စကားပြော၍ကောင်းနေဆဲ အဘချစ်ဦး၏သား သုံးဘီးလေးမောင်းကာ ရောက်လာပါလေ၏။ အဘချစ်ဦးနှင့် အဘစောမူးသာတို့ ကုန်ဝယ်ရန် ချိန်းထားတာဖြစ်ပါ၏။ “ကဲ . . ထထ၊ သွားကြမယ်၊ ဖေကြီးလည်းလိုက်ခဲ့” ဟု ခေါ်သဖြင့် တောမြို့ကလေးပေါ်သို့ ပါလာခဲ့ပါလေတော့၏။
(ခ)
လမ်းခရီးတနေရာမှာ လက်နက်ကိုယ်စီနှင့် လူတစုက တားပါလေ၏။ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပုံရသော်ငြား ယူနီဖောင်းတွေ ဘာတွေ ဝတ်မထားဘဲ အားကစားအင်္ကျီ၊ အားကစားဘောင်းဘီတိုတွေနှင့်၊ အချို့က ပုဆိုးတွေ ဘိုသီဘတ်သီနှင့်။
ရှေ့မှဆိုင်ကယ်သမားများကို စစ်ဆေးနေပြီး ဆိုင်ကယ်လိုင်စင်မပါသူ၊ လူလိုင်စင်မရှိသူတွေကို ဖမ်းထားကာ ဒဏ်ရိုက်နေတာ မြင်ရပါ၏။ ၈ သောင်းဟု တောင်းနေသံကို ကြားနေရ၏။ ၅ သောင်းလည်း ကြားရ၏။ ၃ သောင်းတောင်းသံလည်း ကြားရပါ၏။
တောင်းတောင်းပန်ပန်နှင့် ဈေးဆစ်၍ ဈေးတည့်သွားကြသူတို့ကား ဆိုင်ကယ်များကို စက်နှိုးကာ ထွက်ခွာခွင့်ရရှိသွားကြသော်ငြား အတော်များများမှာကား လမ်းဘေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြရရှာပါလေ၏။
အဘချစ်ဦး၏သားမှာ လိုင်စင်ဘာညာ အပြည့်အစုံ ပါရှိလာခဲ့လေရာ ဒဏ်ကြေးနှင့် ကင်းဝေးမည်ဟု ထင်နေကြဆဲ ရဲကိုကိုတွေက ဟိုကြည့် သည်ကြည့်ဖြင့် လုပ်နေရာကနေ “နောက်ကြည့်မှန် အက်နေတယ်ဟေ့၊ ဒဏ်ကြေး ၃ သောင်း ဆောင်ရမယ်” ဟု ဆိုလာပါ၏။
သို့ဖြင့် တောင်းပန်တိုးရှိုးကာ ဈေးဆစ်လေရာ နောက်ဆုံးမတော့ ၁ သောင်းခွဲနှင့် ဈေးတည့်ကာ ဆက်လက်ထွက်ခွာခွင့် ရခဲ့ပါလေတော့၏။ အဘချစ်ဦးကား တရှူးရှူး တရှဲရှဲနှင့် အခဲမကြေ မြည်တွန်နေပါလေ၏။
“တောက် . . . ငါ အသက်ကြီးသွားလို့ ဒီေတာ်လှန်ရေးမှာ ဘယ်နေရာကမှ မပါဝင်နိုင်တာကွာ၊ မဟုတ်လို့ကတော့ . . .”
“မဟုတ်လို့ကတော့ ဒီနေရာမှာ ဝုန်းဒိုင်းကြဲပစ်လိုက်ပြီ ဆိုပါတော့”
အဘစောမူးသာက နောက်တော့ အဘချစ်ဦးက “လိ ပဲ” ဟု ဆဲပါ၏။ သို့ဖြင့် ဈေးလိုက်ဝယ်ကြရာ ၁ နာရီခန့်အကြာမှာ ပစ္စည်းေတွ စုံပါလေ၏။ ပြန်ကြဖို့လုပ်သည့်အခါ အဘချစ်ဦးက “ငါ ဒေါသတွေ မပြေသေးဘူး၊ နည်းနည်း ‘ကစ်’ မယ်ကွာ” ဟု ဆိုလာပါ၏။
သို့ဖြင့် ဈေးဝယ်ပြီး ပြန်ဖို့လူတွေမှာ စည်ဘီယာဆိုင်ကြီးရှေ့သို့ ရောက်ရှိခဲ့ကြပါလေေတာ့၏။ ဆိုင်ထဲမှာကား ခြောက်ကပ်ကပ်။
စားပွဲဝိုင်းတခုမှာ ဝင်ထိုင်ပြီး ခဏအမောဖြေနေစဉ် စားပွဲထိုးလေးက စောင့်နေပါေလ၏။
“မူးသာ . . . ဘီယာသောက်မှာလား၊ အရက်သောက်မှာလား”
“နေအုံးကွ ချစ်ဦးရ . . ဒီစည်ဘီယာတော့ မသောက်ချင်ဘူးကွာ၊ အဲဒါ ကြင်စိုး သာဝ မအလတို့ ထုတ်တဲ့ ကုန်ပစ္စည်းကွ”
“ဟေ . . . အဲဒါ ဘာဖြစ်လဲဟ”
“အဲဒါသောက်တော့ ငါတို့ပိုက်ဆံ မအလတို့အိတ်ထဲ ရောက်တာပေါ့ ဟကောင်ရ”
“ဟမ် . . .”
“ဒါ့ကြောင့် အရက်တခုခုပဲ နည်းနည်းမှာကွာ”
ဤသို့ဖြင့် အရက်များကိုကြည့်လေရာ သည်မှာတင်ထားသည်မှာ ကြင်စိုး သာဝ မအလတို့၏ ထုတ်ကုန်များချည်း ဖြစ်နေသည်ကို တွေ့ရပါလေ၏။
“သည်မှာ ချစ်ဦး . . မင်းက သည်တော်လှန်ရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် မပါဝင်နိုင်တော့ဘူး ထင်ပြီး စိတ်မကောင်းဖြစ်နေတယ် မဟုတ်လား၊ ပါဝင်နိုင်ပါသေးတယ်ကွ”
“အင်း . . . အခြားဆိုင် သွားကြမယ်”
အဘစောမူးသာက အခြားဆိုင်မှာလည်း မအလတွေနဲ့ မလွတ်မကင်း ဒီလိုပဲဖြစ်လိမ့်မယ်ဟု ဆိုကာ တနေရာကို လမ်းညွှန်ပါလေ၏။ ရပ်ကွက်တခုအတွင်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိလှသည့် အိမ်တလုံးရှေ့သို့ ရောက်ရှိကာ ဝင်ခဲ့ကြပါေလ၏။ အိမ်လည်းအိမ် ဆိုင်လည်းဆိုင်ဖြစ်ကာ ဆိုင်ရှင်ထင်ရသူက နှုတ်ဆက်ပါ၏။
“ဟာ . . . စောမူးသာတို့ပါလား . . . လာကြ လာကြ”
ဆိုင်အတွင်းမှာကား ချိုအီအီ ခါးသက်သက်ရနံ့လေးက နှာဝသို့ လာစနေပါလေတော့၏။ အဘစောမူးသာ၏မိတ်ဆွေ ဦးချက်ကြီး၏ ‘ဆန်အရက်’ စစ်စစ် ဆိုင်ကလေးပင်တည်း။ သို့ဖြင့် အဘစောမူးသာရယ် အဘချစ်ဦးရယ် ဖေကြီးရယ် ဆန်အရက်မှာကာ အပန်းဖြေကြပါ၏။
‘အမြည်း’ မှာ ‘ကြွက်ကြော်’ တို့ ‘ငါးရှဉ့်ခြောက်စပ်’ တို့ဖြစ်ကာ နောက်ထပ်မြည်းစရာကား ‘ကြင်စိုး သာဝ မအလ’ သာ ဖြစ်ပါလေ၏ ခင်ဗျာ။
“မင်းတို့ ငါတို့တွေ ဒီမအေရိုးတွေရဲ့ ထုတ်ကုန်တွေကို မဝယ်ယူ မသုံးစွဲခြင်းဖြင့်လည်း တော်လှန်ရေးကို ကြီးမားသော အထောက်အကူ ပေးနိုင်ပါတယ်ကွ”
“အေးကွ . . . ဒီနေ့ ဒီကောင်တွေရဲ့ ဘီယာ အရက်တွေကို ငါတို့ မသောက်တော့ ဒီကောင်တွေအတွက် ‘ကျည်ဆန်ဖိုး’ ေလျာ့သွားပြီပေါ့ဗျား”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
(ဂ)
အပြန်လမ်းမှာလည်း စကားဆက်လာကြပါ၏။ သည်မအေရိုးတွေ၏ ထုတ်ကုန်ပစ္စည်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ ဖြစ်ပါ၏။ တကယ်တော့လည်း ဒီ မအလတွေ၏ စက်ရုံထုတ် ပစ္စည်းတွေကား ဘီယာ၊ အရက်မှသည် ခေါက်ဆွဲခြောက်အလယ် အမျိုးသမီး လစဉ်သုံး ပစ္စည်းအထိ ရှိလေရာ အတော့်ကို ကြည့်ရှောင်ကြရမှာပါတဲ့။
မအလတွေ၏ ဘဏ်တွေ ဆေးရုံတွေ ဟိုတယ်တွေ ကာရာအိုကေတွေ ကလပ်တွေကား နိုင်ငံတလွှားမှာ များမှများပါတဲ့။ အဲသည်ဟာတွေဟာလည်း ပြည်သူလူထု၏ အခွန်ဘဏ္ဍာများကို သူတို့အိတ်ထဲထည့်ကာ မောင်ပိုင်စီးပြီး တည်ထောင်ထားကြတာတွေသာ ဖြစ်ပါသတဲ့။
“အဲသည်ဟာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပြီး ငါတို့ကိုပစ်မယ့် ကျည်ဆန်ဖိုးတွေ၊ ငါတို့အပေါ်ကြဲချမယ့် ဗုံးဖိုးတွေကို နိုင်သလောက် တားဆီးကြရမယ်ကွ”
“အေးကွ . . . မင်းပြောတာ မှန်တယ် မူးသာ၊ ဒီနေ့ ငါတို့လိုပဲ ငါတို့တရွာလုံး အဲသလို ကျင့်သုံးရှောင်ကြဉ်ပြီး၊ ငါတို့တမြို့နယ်လုံး တတိုင်းလုံး တနိုင်ငံလုံးသာ အဲသည်လို လုပ်နိုင်လာရင် ပွဲပြတ်မယ်”
“ဟား ဟား ဟား ဟား ဟား ဟား”
အသက်ကြီးသွားလို့တို့ အခြေအနေမပေးလို့တို့ သည်တော်လှန်ရေးမှာ ပါဝင်ခွင့်မရဘူးလို့ ဆိုနေသူတွေလည်း သည်လို ပါဝင်နိုင်တဲ့နေရာတွေ ရှိနေပါတယ်တဲ့။
“ဥပမာ မင်းမိန်းမ ရွှေလုပ်မယ်ဆိုရင်လည်း ဒီကောင်တွေရဲ့ ဆိုင်ကြီးတွေကို ရှောင်ကွ”
“အေး နော် . . . ရွှေ ဆိုလို့ အခု မအလက ရွှေဆိုင်ပိုင်ရှင်ကြီးတွေကို လိုက်ဖမ်းေနတယ်လို့ ကြားတယ်”
“သောက်သုံးမကျ ဘာမှသုံးစားမရတဲ့ တပ်ပြုတ်ကြီး မအလဟာ သူ့ရဲ့နောက်ဆုံးအချိန်မှာ တတိုင်းပြည်လုံးကို အရင်ကထက်ပိုပြီး ဒုက္ခပေးသွားတော့မှာကွ”
“ဒင်းတို့ အာဏာသိမ်းအစိုးရလက်ထဲမှာ ဒေါ်လာလည်း မရှိတော့ဘူး၊ ဝင်ငွေလည်း ခန်းခြောက်လာပြီဖြစ်လို့ ရတဲ့နေရာကနေ အတင်းအကျပ် ဓားပြတိုက်တဲ့အဆင့်ကို ေရာက်နေပြီလေကွာ”
“ရွှေတိဂုံဘုရားတို့ မဟာမြတ်မုနိဘုရားတို့ ကျိုက်ထီးရိုးဘုရားတို့ဆီက အများပြည်သူကောင်းမှု အလှူခံပုံးတွေကိုတောင်မှ ခုထက်ထိ အကြိမ်ကြိမ် သိမ်းယူနေဆဲကောင်တွေဟာ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေဆီကဆို ပြောမနေနဲ့တော့”
“ဒီ မအေရိုး ကြင်စိုး သာဝ မအလဆိုတဲ့ ‘ဂေါက်သီး’ ဟာ နောက်ဆုံးအချိန်မှာ ပြာယာခပ်ပြီး လုံးဝ ‘လွတ်’ နေပြီ”
“အေးကွ . . . ဘဏ်သူဋ္ဌေးတွေကိုဖမ်းတယ်၊ ဒေါ်လာသူဋ္ဌေးတွေကို ဖမ်းတယ်၊ ရွှေသူဋ္ဌေးတွေကို ဖမ်းတယ်၊ အခု ထိုင်းမှာ ‘ကွန်ဒို’ တိုက်ခန်း ဝယ်ထားသူတွေကို လိုက်ဖမ်းနေပြန်ပြီ”
“အခု ‘ကွန်ဒို’ ဝယ်ထားတဲ့သူတွေကို လိုက်ဖမ်းရာကနေ နောက်ဆိုရင် ‘ကွန်ဒွန်’ ဝယ်ထားတဲ့သူတွေကိုတောင် လိုက်ဖမ်းပြီး ငွေညှစ်မှာ စိုးရိမ်ရပါသဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)