အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးဦးရေ ၁,၀၀၀ နီးပါးလောက်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ်၊ မေ ၃၁ ရက်အထိ အေအေပီပီ ကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ကတော့ ၅,၁၇၃ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာတော့ ကလေးသူငယ်ဦးရေ ၆၅၆ ယောက်နဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၇၈၈ ယောက်နဲ့ ၃၄ ဒသမ ၆ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၂,၀၀၀ ကျော်နဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပါဝင်နေပြီး အဲဒီနောက်မှာတော့ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ ရခိုင် ပြည်နယ်တွေက ကျဆုံးပြည်သူဦးရေ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေး ၃ နှစ်ကျော်ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၆,၇၉၉ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၂၀,၅၄၃ ယောက်ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက် ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။