ကရင်နီပြည်နယ်။ လွိုင်ကော်မြို့နယ်ရှိ လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၁ ဦး အပါအဝင် လွတ်ရက်စေ့ အကျဉ်းသား ၅ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ဆီက သိရပါတယ်။
ဇွန် ၄ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာခဲ့ကြတာဖြစ်ပြီး ၂ ဦးကိုတော့ နေရပ်ပြန်ပို့ပေးထားတယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသူ ၁ ဦး၊ မူးယစ်ဆေးဝါးအမှု ၄ ဦးနဲ့ တမအ အမှု(တပ်မတော် အက်ဥပဒေ) ၁ ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။
ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး(KPPA) ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “သူတို့က လွတ်ရက်စေ့လို့ လွတ်လာသူတွေပါ၊ မူးယစ်ဆေးဝါးအမှုက ၄ ယောက်၊ တမအ အမှုက တယောက်နဲ့ နိုင်ငံရေးပုဒ်မနဲ့ စွတ်စွဲခံရတဲ့ အမျိုးသမီး ၁ ဦးလည်း ပါပါတယ်၊ လက်လှမ်းမှီသလောက်တော့ ကျနော်တို့ကူညီပေးနေတယ်၊ ခုဆို ၂ ယောက်လောက်က အိမ်ပြန်ရောက်သွားပြီ၊ ကျန်တဲ့သူတွေကိုလည်း ပို့ပေးဖို့စီစဉ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိ လွိုင်ကော်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ခန့်ကျန်ရှိနေပြီး အကျဉ်းသားတွေ ကျန်းမာရေးဆိုးဝါးနေကာ ဆေးဝါးမလုံလောက်မှုနဲ့ကြုံနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကလည်း လွိုင်ကော်မြို့ကိုပြန်လည် ထိန်းချုပ်ဖို့အတွက် မြို့ပေါ်ရပ်ကွက်များတွင်လည်း လှုပ်ရှားစစ်ကြောင်းတွေနဲ့ ပြန်လည်ဝင်ရောက်နေတယ်လို့ KNDF ထံကသိရပါတယ်။