Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါအဝင် ၃ ဦး ဒဏ်ရာရ
DVB
·
June 4, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဇွန် ၂ ရက်‌နဲ့ ၃ ရက်က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကိုယ်ဝန်ဆောင်တဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင်ထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်နဲ့ ဝါးဒက်ကွင်းအခြေစိုက် ခမရ ၂၀၇ ဌာနချုပ်တို့ကို ဇွန် ၂ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျား ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရင်း ၂ ခုက ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဝါးဒက်ကွင်း၊ စစ်ကွင်း၊ အခိုင်၊ သုံးခွ၊ မုက္ခမော့နဲ့ ခရွဲကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး မုက္ခမော့ကျေးရွာက အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန် ၆ လရှိတဲ့ မ‌ခင်လေးရီ ဘယ်ခြေထောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့သလို စစ်ကွင်းရွာက နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က “စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားသွားပစ်တာကို ထိခိုက်မှုရှိသွားလို့ ကျေးရွာတွေဘက်ကို ပစ်မှတ်ထားပြီး ပစ်တာပါ။ ကိုယ်ဝန်ဆောင်တဦးက ဒဏ်ရာရပြီး အိမ် ၂ လုံး ပျက်စီးတယ်။ ခုထိလည်း ဆက်ပစ်နေတုန်းပဲဆိုပေမဲ့ အထိအခိုက်စာရင်း ထပ်မရသေးပါဘူး” လို့ ပြောပါတယ်။

မေ ၃ ရက်မှာလည်း သုံးခွရွာမှ ကက်သလစ်သီလရှင်တပါးနဲ့ ဝါးဒက်ကွင်းရွာမှ အသက် ၂၀ အရွယ် အမျိုးသားတဦးတို့လည်း စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။

ဝါးဒက်ကွင်း ဒေသခံတဦးက “လက်နက်ကြီးတွေက ဆက်တိုက်ပစ်နေတာ၊ ရှောင်နေတဲ့သူတွေလည်း ရှောင်နေကြပြီ။ ခုထိတော့ ၃ ဦးပဲ ထိခိုက်ထားတယ်။ ရွာတွေထဲကို တမင်သက်သက် ပစ်နေတာ။ ရွာသားတွေလည်း အကုန်လန့်နေတယ်” လို့ ပြောပါတယ်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမှတ် ၃၁၀ အမြောက်တပ်နဲ့ ဝါးဒက်ကွင်းအခြေစိုက် ခမရ ၂၀၇ ဌာနချုပ်တို့ကို KNLA ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013