မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဇွန် ၃ ရက်ညက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံးနဲ့ ရေကန်အမိုးတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ ၃ လမ်းမှာ ဇွန် ၃ ရက် ည ၇ နာရီက လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး လမ်းထိပ်ရှိ ရေကန်အမိုးတွေလည်း ပျက်စီးခဲ့ပါတယ်။
လေဆင်နှာမောင်းဟာ အောင်ကျင်းရပ်ကွက် ကန်ညီနောင်ပိုင်း အောင်ချမ်းသာ ၄ လမ်းကို ဆက်လက်တိုက်ခတ်ပြီး နေအိမ် ၂ လုံး ထပ်မံပျက်စီးခဲ့ပါတယ်။
အကြင်နာတွဲလက် လူမှုကူညီရေးအသင်းက “နှစ်နေရာကို တိုက်သွားတာပါ။ အောင်ဇေယျ ၃ လမ်းရယ် အောင်ချမ်းသာ ၄ လမ်းရယ်ပါ။ အိမ်တွေက အမိုးပဲလန်တာ၊ အရမ်းကြီး မပျက်စီးသွားဘူး။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
သထုံဒေသခံတဦးကလည်း “မိုးရွာတာ တိပ်ပြီးတော့မှ လေတွေတိုက်လာပြီး လေဆင်နှာမောင်း ဝင်သွားတာ။ အတိုက်ခံရတဲ့အိမ်က သွပ်တွေဆို လေပေါ်မှာ ဝဲနေတာပဲ။ တော်သေးတာပေါ့ ဘယ်သူမှ မထိခိုက်သွားတာ။ လမ်း ၂ လမ်းက အိမ် ၇ လုံး ပျက်စီးတယ်။ အများသုံးရေကန်က သွပ်တွေ ပြုတ်ထွက်သွားတယ်” လို့ ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို သထုံမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သထုံမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းရှင်းလင်းပေးခဲ့ပါတယ်။