Home
မြန်မာသတင်း
စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်၊ ကျပ်ငွေ တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း
DVB
·
June 4, 2024
seniorgeneralminaunghlaing-Facebook3

စစ်ကောင်စီက ၂၀၂၃-၂၄ ခုနှစ်အတွင်း စစ်အသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်အသုံးပြုခဲ့ပြီး ကျပ်ငွေ မတရားရိုက်ထုတ်ခဲ့မှုတွေကြောင့် ငွေတန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းကာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ကာကွယ်ရေးစရိတ်လို့ ဆိုပြီး အသုံးစရိတ်တွေ သုံးစွဲရာမှာ ၂၀၂၃-၂၀၂၄ ခုနှစ် mini budget ခြောက်လအတွင်းမှာ အသုံးပြုခဲ့တဲ့ စရိတ်က ကျပ်  ၅၆၃၅ ဘီလီယံ အသုံးပြုခဲ့တယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ ကြားကာလဗဟိုဘဏ် အထူးအကြံပေး မစ္စတာရှောင်တာနယ်တို့ ပြုလုပ်တဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေးပျက်ကပ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲက ပြောကြားချက်တွေအရ သိရပါတယ်။

၂၀၂၁-၂၂ ခုနှစ် mini budget လို့ခေါ်တဲ့ ၆ လ ဘတ်ဂျက်မှာ စစ်အသုံးစရိတ်အနေနဲ့ ဘီလီယံ ၁၇၀၀ လောက် သုံးခဲ့တာ တွေ့ရပြီးတော့ ၂၀၂၂-၂၃ ခုနှစ်မှာတော့ ဘီလီယံ ၃၇၀၀ လောက် သုံးခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ ကာကွယ်ရေးအသုံးစရိတ်လို့ ခေါင်းစဉ်တပ်ပြီးတော့ ဘီလီယံ ၅၇၀၀ လောက်ကို စံချိန်တင် တိုးမြှင့်သုံးစွဲခဲ့ပါတယ်။

၂၀၂၄-၂၅ ခုနှစ် mini budget အသုံးစရိတ်ကိုတော့ စစ်ကောင်စီဘက်က အခုချိန်ထိ ထုတ်ပြန်ပြောဆိုလာတာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်အသုံးစရိတ်က ၂၀၂၁ မတိုင်ခင် နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ဝင်ငွေရလမ်းမရှိတဲ့ စစ်ကောင်စီအတွက်က  ငွေကြေးရိုက်နှိပ်တာကပဲ ဘဏ္ဍာငွေဖော်ဆောင်နိုင်ဖို့ လမ်းတခုဖြစ်တယ်လို့ ကြားကာလဗဟိုဘဏ် အထူးအကြံပေး မစ္စတာရှောင်တာနယ်က ပြောပါတယ်

“ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့တာက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ မြန်မာကျပ်ငွေက တဒေါ်လာကို ၅၀၀၀ အောက်နားထိကို ကျဆင်းသွားပါတယ်။ နိုင်ငံရေးအခြေအနေရဲ့ ရေရှည် လမ်းကြောင်းက စီးပွားရေးအခြေအနေကို အတိုင်းအတာတခု ဖြစ်စေတယ်၊ အခုမြန်မာကျပ်ငွေ ကျလာတဲ့ဟာက မြန်မာ့စီးပွားရေးအခြေအနေကို ရှင်းရှင်းလင်းလင်း ထင်ပေါ်စေပါတယ်။ ကျနော်တို့ ကြည့်ရမှာက မြန်မာကျပ်ငွေ ကျဆင်းတာတခုပဲ မဟုတ်ဘဲ ပြီးခဲ့တဲ့ အပတ်ထဲမှာ  စစ်ကောင်စီက ဘာတာစနစ်ကို ကျင့်သုံးမယ် ဆိုတာကို ကျနော်တို့ လေ့လာဖို့လိုပါတယ်။ ပြောရရင် မြန်မာ့စီးပွားရေးက နောက်ပြန်ဆုတ်သလို ဖြစ်နေပါတယ်။ မြန်မာကျပ်ငွေဈေးက ၂၀၂၁ နဲ့ ယှဉ်ရင် ၂၅ ရာခိုင်နှုန်းကျသွားတယ်လို့ ပြောလို့ရပါတယ်။  US ဒေါ်လာနှုန်းနဲ့ပြောရရင် ၂၀၁၉- ၂၀ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် လေးပုံတပုံပဲ ရှိတော့တယ်လို့ ပြောလို့ရပါတယ်။”

စစ်ကောင်စီအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကရတဲ့ ဝင်ငွေလမ်းကြောင်းတွေလည်း ပြတ်တောက်နေသလို တိုင်းပြည်ရဲ့ နိုင်ငံခြားအရန်ငွေထားရှိမှုကလည်း ၂၀၂၁ မှာ ဒေါ်လာ  ၆  ဒသမ ၈ ဘီလီယံရှိရာကနေ အခုနှစ် ၂၀၂၄ မှာတော့ အသားတင် အဝင်အထွက် စာရင်းတွေ တွက်ချက်အပြီးမှာတော့ ဒေါ်လာ ၃ ဘီလီယံ အနုတ်ပြနေခဲ့တဲ့အတွက် လက်ရှိ စစ်ကောင်စီ လက်ထဲမှာ နိုင်ငံခြားအရန်ငွေ ၃ ဒသမ ၈ ဘီလီယံသာ ကျန်ရှိနိုင်တယ်လို့ NUG ရဲ့ စာရင်းတွေအရ သိရပါတယ်။

နိုင်ငံတော်ရဲ့ ကြွေးမြီတွေလည်း မြင့်တက်လာသလို နိုင်ငံအတွင်း ဆိုးဝါးတဲ့ ဆင်းရဲမွဲတေမှုကို ကြုံနေရသူတွေလည်း လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းထိ ရှိလာတယ်လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013