Home
မြန်မာသတင်း
ထိုင်းကွန်ဒို အရောင်းအဝယ်လုပ်သူများကို စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့်  အဝယ်ရပ်သွားနိုင် 
DVB
·
June 4, 2024

ရန်ကုန်မှာ ထိုင်းကွန်ဒို အရောင်းအဝယ် လုပ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေ ထိုင်းကွန်ဒို အဝယ်ရပ်တန့်သွားနိုင်ပြီး၊ ဖမ်းဆီးမှု အခြေအနေတွေကို စောင့်ကြည့်ရမယ်လို့ ကွန်ဒိုအရောင်းအဝယ် လုပ်ကိုင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ အရောင်းပြပွဲ ပြုလုပ်ခဲ့တဲ့ မင်းသူ ကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦးနဲ့ ထိုင်းမှာ ကွန်ဒို ဝယ်ထားသူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူကြောင်း ဇွန်လ ၃ ရက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေမှာ ကွန်ဒို တိုက်ခန်း ဝယ်ယူသူတွေ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေကို အရေးယူမယ်လို့ ကြေညာလိုက်တာပါ။

မြန်မာပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ထိုင်းနိုင်ငံမှာ ကွန်ဒို အဝယ်များလာခဲ့တာပါ။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လောလောဆယ်မှာ ထိုင်း ကွန်ဒို အရောင်းအဝယ် တန့်သွားနိုင်တယ်လို့ ကွန်ဒို အရောင်းအဝယ် လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ဒီလို ဖမ်းဆီးမှုတွေ လုပ်လိုက်တဲ့အတွက် အရောင်းအဝယ်တော့ လောလောဆယ် တန့်သွားမယ်။ ဒီဖမ်းဆီးမှုတွေ အပေါ်မှာ အခြေအနေ ဘယ်လိုရှိမလဲ စောင့်ကြည့်နေကြမယ့်သူတွေ ရှိမယ်။ အဲဒီလိုမျိုး ဖြစ်လာနိုင်တယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံသားတွေက ဒုတိယမြောက် အဝယ်များဆုံးဆိုတော့။ များသောအားဖြင့်တော့ ကျနော်တို့ သာမန် ပြည်သူကတော့ အများကြီး ဝယ်နိုင်တာ မဟုတ်ဘူး။ သူတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သူတို့ အပိုင်းက အရာရှိတွေလောက်ပဲ ဝယ်တာများမယ်ဆိုတော့ သာမန်ပြည်သူအပေါ်တော့ အရမ်း impact ဖြစ်မယ် မထင်ဘူး။ သာမန် တခန်း၊  ၂ ခန်းလောက်ပဲ ဝယ်ထားတဲ့ ပြည်သူတွေရဲ့ စာရင်းကို တောင်းပြီးတော့ အဲဒီ ပြည်သူတွေကို အရေးယူမှုတွေ လုပ်လာနိုင်တယ်။”

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းမှာ တရုတ်နိုင်ငံသားတွေဟာ ၂၀၁၈ ကစလို့ ၂၀၂၄ ခုနှစ်အထိ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာပါ။ ရုရှားနိုင်ငံသားတွေဟာ နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး၊ မြန်မာနိုင်ငံသားတွေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာမှ ထိုင်းကွန်ဒို ဝယ်ယူမှု ထိပ်တန်းစာရင်းမှာ ပါဝင်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၂ မှာ ထိုင်းကွန်ဒို ဝယ်ယူမှု အရေအတွက်မှာ နံပါတ် ၆ နေရာ၊ တန်ဖိုးအရ နံပါတ် ၃ နေရာမှာ ရှိခဲ့ပြီး ၂၀၂၃ မှာတော့ နှစ်မျိုးစလုံး နံပါတ် ၄ နေရာ ရောက်လာခဲ့ပါတယ်။ ၂၀၂၄ ပထမ သုံးလပတ်မှာတော့ ရုရှားကို ကျော်တက်ကာ မြန်မာနိုင်ငံက ဝယ်ယူမှုအများဆုံး နံပါတ် ၂ ဖြစ်လာခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် မြန်မာနိုင်ငံသားတွေဟာ ဘတ် ၃ သန်းကနေ ဘတ် ၇ သန်း ဝန်းကျင်လောက်အထိ ကွန်ဒို ဝယ်ယူရာမှာ ငွေကြေး သုံးစွဲကြတယ်လို့ ကွန်ဒိုအရောင်း အေးဂျင့်တွေက ပြောပါတယ်။

ထိုင်းကွန်ဒို အရောင်းအေးဂျင့် တဦးက “အဓိက ဒီဘက် ကွန်ဒို အဝယ်များတာက အနီးစပ်ဆုံး နယ်မြေပြောင်းလဲဖို့အတွက်က ထိုင်းက ကုန်ကျစရိတ် အသက်သာဆုံး၊ ပြောင်းရရွှေ့ရ အလွယ်ကူဆုံးပေါ့။ အဲဒါကြောင့် ဒီဘက်မှာ အဝယ်လိုက်တာပေါ့။ စစ်မှုထမ်းဥပဒေကလည်း ပေါ်ထွက်လာတော့ ပိုက်ဆံ ရှိတဲ့သူ တော်တော်များများ သူတို့ သားသမီးတွေကို စိတ်ပူတော့ ဒီဘက်မှာပဲ ပြောင်းလာတာပေါ့။ တခြား ဘာတွေ အခက်အခဲရှိလဲဆိုတော့ ငွေလွှဲတဲ့ ကိစ္စ ရှိတယ်။ ဒီမှာက နိုင်ငံခြားသားဝယ်ရင် နိုင်ငံခြားဘဏ်ကနေ ငွေဝင်တဲ့ အထောက်အထား တခုခု ရှိရတယ်။ ဒီအတိုင်း ငွေသား ပုံပေးလို့ မရဘူး။ ကျနော်တို့ နိုင်ငံမှာက ငွေကို အဲ့လိုလွှဲလို့မှ မရတာအခုက။ အဲ့ဒီ အခက်အခဲတော့ ရှိတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တန်းဖိုးမြင့် ကွန်ဒို အိမ်ရာ စီမံကိန်းတွေကို ဝယ်ယူသူအများစုက စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ အသိုင်းအဝိုင်းက အများဆုံးဖြစ်ပြီး၊ အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေရော လက်ရှိ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေဆဲ ရာထူးပိုင်းတွေလည်း ပါဝင်တယ်လို့ ထိုင်းကွန်ဒို အရောင်းအေးဂျင့်တွေက ပြောပါတယ်။

စာရင်းတွေအရ ၂၀၂၁ ခုနှစ်တုန်းက ထိုင်းကွန်ဒို တိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူမှု အခန်းပေါင်း ၃၀ ဝန်းကျင် ရှိခဲ့ပြီး၊ ၂၀၂၂ ခုမှာ အခန်းပေါင်း ၃၄၀ ကျော်၊ ၂၀၂၃ ခုနှစ်မှာ ထိုင်းဘတ် ၃ ဒသမ ၇၁ ဘီလျံတန်တဲ့ အခန်းပေါင်း ၅၆၀ ကျော်အထိ ဝယ်ယူခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ကာလမှာတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘန်ကောက်မှာ အခန်းပေါင်း ၃၀၀ ကျော်နဲ့ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ တာ့ခ်ခရိုင်တို့မှာပါ ကွန်ဒို အခန်းဝယ်ယူမှုတွေ ရှိလာတယ်လို့ ထိုင်းနိုင်ငံ၊ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) မှာ ဖော်ပြထားပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013