Home
မြန်မာသတင်း
အာရှလမ်းအနီးတဝိုက် စစ်တပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား
DVB
·
June 4, 2024

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ အနီးတဝိုက် KNLA ပူးပေါင်းစစ်ကြောင်းတွေ လုံခြုံ‌ရေးရယူထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။ 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့  ဧပြီ ၁၂ ရက်ကစတင်ကာ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂ လနီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ခံနေရပါတယ်။

နဂါးဖြူစစ်ကြောင်း တပ်ခွဲ (၁) တပ်ခွဲမှူး ဗိုလ်ဆံရှည်က “စကစဘက်က လာတိုးတယ်။ လာတိုးတော့ ကျနော်တို့ နေတဲ့နေရာမှာ ကာဗာသွားပြန်လုပ်တယ်။ မနေ့ညနေကတော့ ကွမ်းခြံကုန်းဘက်မှာ ၁ နာရီခွဲလောက်နီးပါးဖြစ်သွားတယ်။ သူတို့ဘက်က ထိုးဖောက်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ကို အလျဉ်းသင့်ရင်သင့်သလို ထိုးဖောက်ဖို့ အစီအစဉ်တော့ရှိတယ်။  အတိအကျတော့ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေအား ကော့ကရိတ်မြို့တွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကစတင်ပြီး ပြန်လည်ခေါ်ယူခဲ့ပါတယ်။ 

မေ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကတော့ အမှတ် ၄ ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတယောက် နေအိမ်ခြံဝန်းအတွင်း မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် ဗိုလ်ချုပ်လမ်း၊ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အနီးမှာ မိုင်းတလုံးပေါက်ကွဲခဲ့ရာ ထိခိုက်သူမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ကျန်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ပြန်လည်ဝင်ရောက်နေမထိုင်ရဲသေးဘူးလို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ကော့ကရိတ် မပြန်ရဲသေးလို့ မပြန်သေးဘူး။ နောက် လက်နက်ကြီးထုတဲ့ အသံတွေကို မခံနိုင်ဘူး။ မိုင်းတွေလည်း မရှင်းလင်းရသေးဘူး။ အိမ်နောက်က အစ်မတယောက် မိုင်းထိတာ ခြေထောက်ပြတ်သွားတယ်။ တချို့က ကြောက်ကြောက်နဲ့ နေတဲ့သူတွေက နေတယ်။ တချို့ကလည်း ကလေးကျောင်းပြန်ထားရတော့ နေရတယ်။ လုံခြုံမှုက မရှိတော့ ကျန်တဲ့သူတွေက မနေရဲဘူး။ မြို့ရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ပြန်နေတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော်ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းနဲ့ဒေါနတောင်ခြေအနီး ကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပေမဲ့ ဒေသခံတွေ စစ်ရှောင်နေတဲ့‌ေတွက် ထိခိုက်သူမရှိပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013