အရပ်သားတွေကို စစ်မှုထမ်းဖို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အပြင်းအထန် ဖိအားပေးစည်းရုံးခိုင်းလာတာကြောင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၁၇ ယောက် နုတ်ထွက်စာတင်ထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်က ကျေးရွာ ၁၇ ရွာမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူး ၁၇ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီ ပထမ အပတ်ကတည်းက နုတ်ထွက်စာတင်ထားပေမဲ့ ဒီနေ့အထိ စစ်ကောင်စီက အဲဒီ ကိစ္စနဲ့ပတ်သက်လို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
“နုတ်ထွက်စာ တင်ထားတာမှန်တယ်။ စစ်ကောင်စီဘက်က နုတ်ထွက်ခွင့်မပြုသေးတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးတွေလည်း လုပ်ရကိုင်ရခက်တဲ့ အခြေအနေရောက်နေတာကို” လို့ မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
သာပေါင်းမြို့နယ်မှာ စစ်မှုထမ်းကိစ္စတွေ ဖိအားပေးအခိုင်းခံနေရတာကြောင့် အောင်တက်၊ လှေကြီးတက်၊ ငဝန်ဒေါင့်ကြီး၊ ရွှေတောင်ကြီးကုန်း၊ ဇီးဖြူကွင်း၊ ငှက်ပျောတော၊ မဲဇလီကွင်း၊ ကွင်းကောက် စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၇ ရွာက ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားတာလို့ အုပ်ချူပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာကို သာပေါင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကို တင်ထားတာပါ။ အခုကြားရတာတော့ စစ်မှုထမ်းကိစ္စကို ဆက်လက် မဆောင်ရွက်ပေးရင် နုတ်ထွက်စာတင်တဲ့ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေ အဖမ်းခံရမယ်လို့ပါ ကြားနေတာ” လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ၁ ယောက်က ပြောပါတယ်။
သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေကလည်း စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စစ်မှုမထမ်းချင်တဲ့ အရပ်သားတွေဆီကနေ တယောက်ကို ငွေသိန်း ၇၀ စီ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ကောက်ခိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သာပေါင်းမြို့နယ်ထဲက ကျေးရွာတချို့မှာတော့ ပြီးခဲ့တဲ့ မေ ၃၀ ရက်ကစတင်ပြီး စစ်သင်တန်း အပတ်စဉ် ၃ အတွက် အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။