တိုယိုတာကုမ္ပဏီရဲ့ မော်တော်ယာဥ်ကြံ့ခိုင်မှု စစ်ဆေးခြင်း တရားဝင်လက်မှတ်နဲ့ ပတ်သက်ပြီး ဂျပန်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက တိုယိုတာကုမ္ပဏီရုံးချုပ်ကို စတင်စုံစမ်းမှု ပြုလုပ်နေပါတယ်။
တိုယိုတာရဲ့ ဒိုင်ဟတ်ဆု ကားအသေးထုတ်လုပ်မှုမှာ လုံခြုံရေးစစ်ဆေးမှု မမှန်ကန်ကြောင်း ပေါ်ထွက်လာပြီးနောက် ကားတွေရဲ့ကြံ့ခိုင်မှုစစ်ဆေးတဲ့ လက်မှတ်တွေမှာ မမှန်မကန်မှုတွေ ရှိလာတယ်ဆိုတဲ့ သတင်း ကျယ်ပြန့်လာပြီး တခြားကားကုမ္ပဏီတွေကိုလည်း သက်ရောက်မှုတွေ ရှိလာပါတယ်။
တိုယိုတာကုမ္ပဏီဟာ ကားကြံ့ခိုင်မှုနဲ့ အရည်အသွေးစစ်မှန်ကြောင်း နှစ်ပေါင်းများစွာ ဂုဏ်သတင်းကောင်းတွေနဲ့ ရပ်တည်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရတာပဲ ဖြစ်ပါတယ်။
ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက တိုယိုတာကုမ္ပဏီနဲ့ မာဇဒါတို့ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ စီစဥ်နေကြာင်း အစောပိုင်းက ကြေညာထားတာဖြစ်ပြီး လက်ရှိအချိန်မှာ စုံစမ်းမှုတွေ စတင်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
တိုယိုတာနည်းတူ မက်ဇာဒါဆူဇူကီး၊ ယာမဟာ၊ ဟွန်ဒါကားတွေရဲ့ ကြံ့ခိုင်မှုစစ်ဆေးတဲ့ နေရာမှာ မမှန်ကန်မှု ဒါမှမဟုတ် ဒီလိုစစ်ဆေးမှုတွေမှာ မော်တော်ကားကုမ္ပဏီတွေက ကြိုးကိုင်ချယ်လှယ်မှုတွေ ရှိတယ်လို့ ဖော်ပြပါတယ်။
တိုယိုတာကားကုမ္ပဏီကို စတင်ထူထောင်တဲ့ တိုယိုတာရဲ့ ဆာကီချီတိုယိုဒါရဲ့ မြေးဖြစ်သူ တိုယိုတာဥက္ကဋ္ဌ အေကီယိုတိုယိုဒါက တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကားချစ်သူတွေ၊ ရှယ်ယာရှင်တွေကို တောင်းပန်ခဲ့ပါတယ်။
ဒီသတင်းတွေ ထွက်လာပြီးတဲ့ နောက်ပိုင်း တိုယိုတာကုမ္ပဏီက ရှယ်ယာ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟွန်ဒါက ၂ ဒသမ ၃ ရာခိုင်နှုန်း၊ မာဇာဒါက ၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ တိုယိုတာနဲ့ မာဇာဒါတို့က သင်္ဘောတင်မယ့်ကားတွေကို တနင်္လာနေ့မှာ ရပ်ဆိုင်းထားတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Source-Reuters