Home
မြန်မာသတင်း
မြန်မာနယ်စပ် တရားမဝင်အလုပ်ခေါ်ယူမှုများကို အိန္ဒိယသံရုံး သတိပေး 
DVB
·
June 4, 2024
Indian embassy in Myanmar. | Photo Credit: Ministry of External Affairs

မြန်မာနိုင်ငံထဲက တရားမဝင် အလုပ်အကိုင်တွေ ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီးတော့ သွေးဆောင်မခံရစေဖို့ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ သတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေသတွင်းမှာ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတခု လှုပ်ရှားနေပြီး အိန္ဒိယနိုင်ငံသားတွေကို အလုပ်အကိုင်ကမ်းလှမ်းမှု မပြုလုပ်မီ သတိထားဖို့လည်း အကြုံပြုထားပါတယ်။

ဒါ့အပြင် အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ရတဲ့ အိန္ဒိယနိုင်ငံသား ဖြစ်စဉ်တွေ တိုးလာနေတယ်လို့လည်း အိန္ဒိယသံရုံးက ပြောထားပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း အကြံပေးချက်တွေကို လိုက်နာဖို့ ပြန်လည်အလေးပေး ပြောကြားသွားမယ့်အပြင် သက်ဆိုင်ရာ အိန္ဒိယသံရုံးတွေနဲ့ မတိုင်ပင်ဘဲ ဒီလို အလုပ်ကမ်းလှမ်းတာမျိုးတွေကို လက်ခံတာတွေ မလုပ်သင့်ဘူးလို့လည်း ပြောထားပါတယ်။

မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ နေရာသစ်တခု မကြာသေးခင်က ထွက်ပေါ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီမှာ အိန္ဒိယနိုင်ငံသားအများစု လူကုန်ကူးခံရတဲ့နေရာ ဖြစ်နေကာ အိန္ဒိယကသာမက မလေးရှား၊ ယူအေအီး အစရှိတဲ့ နိုင်ငံတွေကပါ ထိုင်းကတဆင့် ရောက်ရှိနေတယ်လို့ သံရုံးက ပြောပါတယ်။

ဒါကြောင့်မို့ ဆိုရှယ်မီဒီယာတွေကတဆင့် အိန္ဒိယနိုင်ငံသားတွေကို အလုပ်အကိုင် ကမ်းလှမ်းမှုတွေကို လက်ခံခြင်းမပြုဖို့ သံရုံးက တိုက်တွန်းထားသလို  ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ၊ ဒါမှမဟုတ် တခြားသော အတည်မပြုရသေးတဲ့ သတင်းရင်းမြစ်တွေကတဆင့် ပျံ့နှံ့နေတဲ့ အလုပ်ကမ်းလှမ်းမှုတွေကိုလည်း လက်မခံသင့်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယသံရုံးကနေတဆင့် နိုင်ငံခြားအလုပ်ရှင်တွေရဲ့ အထောက်အထားတွေကို စစ်ဆေးဖို့ အကြံပြုထားပြီး နိုင်ငံရပ်ခြားမှာ အလုပ်ကမ်းလှမ်းမှု မပြုလုပ်မီ ဝန်ထမ်းစုဆောင်းရေး ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီတွေရဲ့ ရှေ့ပြေးဖြစ်စဉ်တွေကို စစ်ဆေးသင့်တယ်လို့ သံရုံးက ပြောပါတယ်။

ဒါဟာ လာအိုနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်ဖို့ သွေးဆောင်ခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၃ ဦးကို ကယ်ဆယ်ပြီး အိမ်ပြန်ပို့ပြီးနောက် ရက်ပိုင်းအကြာမှာ အဆိုပါ အကြံပေးချက် ထွက်ပေါ်လာတာ ပါ။

ISP Myanmar အဖွဲ့ကတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

မြန်မာကို ဆိုက်ရောက်နိုင်ငံ (Destination) အဖြစ် တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံနိုင်ငံ (Transit) တွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံသား ၅၂,၈၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဖော်ပြပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၅၀,၇၇၂ ယောက် ပါဝင်နေခဲ့တာပါ။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီ လုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမယ့် ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ကြေညာထားပါတယ်။

Source: The Hindu

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013