စစ်မှုထမ်းအပတ်စဥ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်များအားလုံး ကြိုတင်ပြင်ဆင်ထားရန် ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မေ ၃၁ ရက်မှာ တိုင်းစစ်ဌာနချုပ် အားလုံးကို အမျိုးသမီးများ အပတ်စဥ် ၅ မှာ စစ်မှုထမ်းနိုင်ရေးအတွက် စာရင်းကောက်ယူခြင်း၊ သင်တန်းကျောင်း စီစဥ်ခြင်းတွေကို ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဇူလိုင်လထဲမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စပြီးခေါ်မှာ၊ ယောကျ်ားလေးတွေ အပတ်စဥ် ၄ ခေါ်ပြီးတာနဲ့ အမျိုးသမီးတွေစခေါ်မှာ၊ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ခရိုင်နဲ့ မြို့နယ်တွေကို ခေါ်ပြီး အစည်းအဝေး လုပ်ပြီးတာနဲ့ စာရင်းစကောက်မှာ။”
တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ခရိုင်နဲ့ မြို့နယ်တွေကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းပုံစံ ဖြည့်သွင်းဖောင်တွေ ပေးအပ်ပြီး ခရိုင်မှတဆင့် ကြီးကြပ်ကာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ပေးရမှာ ဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အပါတ်စဥ် ၅ အတွက် အမျိုးသမီးတွေ စာရင်းကောက်ခိုင်းတာတော့ ရှိတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ စာရင်းမကောက်ရသေးဘူး။ ပထမအပါတ်စဥ်မှာ အသက် ၂၁ ကနေ ၂၄ အတွင်း ကောက်ရမှာ၊ တကယ်တမ်း စခေါ်မယ်ဆိုရင်တောင် ၈ လပိုင်းမှ ခေါ်မှာ။”
စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ပညာရှင်ဖြစ်ပါက အသက် ၃၅ နှစ်အထိ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုခဲ့ပြီး မတ်လမှ စတင်ကာ မေလအထိ စစ်မှုထမ်းဖို့ အမျိုးသားတွေကို ခေါ်ယူခဲ့တာမှာ အပါတ်စဥ် ၃ အထိ ရှိနေပြီဖြစ်ပါတယ်။
လတ်တလောမှာ စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၁၉ ကျောင်းမှာ စစ်သင်တန်းပေးနေတာ ဖြစ်ပါတယ်။
ဒီကနေ့ စစ်ကောင်စီပြန်ကြားရေးထုတ် နေ့စဉ်သတင်းစာတွေမှာတော့ အမျိုးသမီးတွေ စစ်မှုထမ်းဖို့ ခေါ်တဲ့သတင်း မဟုတ်မှန်ကြောင်း ဖော်ပြထားပါတယ်။