ဇွန် ၄ ရက်နေ့ဟာ တီယန်နန်မင်ရင်ပြင် ဖြိုခွင်းမှု ၃၅ နှစ်ပြည့်ပြီ ဖြစ်တာကြောင့် တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး ရဲအင်အား တိုးချဲ့ထားပါတယ်။
အစောပိုင်းက တီယန်နန်မင်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တခုက ဇွန် ၄ ရက် တနေ့လုံး ပိတ်ထားမယ်လို့ ကြေညာခဲ့ပြီး လက်မှတ်ဝယ်ထားပြီးသူတွေကိုလည်း ငွေပြန်အမ်းမယ်လို့ ပို့စ်တခုမှာ ဖော်ပြပါတယ်။
ပေကျင်းမြေအောက်ရထားရဲ့ တရားဝင်ဆိုရှယ်မီဒီယာ အကောင့်မှာတော့ တီယန်နန်မင် ရင်ပြင်ရဲ့ အရှေ့ဘက် ဘူတာရုံကို ဇွန် ၂ ရက်ကနေ ၅ ရက်အထိ ပိတ်ထားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ လက်ရှိအချိန် ရင်ပြင်မှာ လည်ပတ်သူတွေ များပြားပြီး လမ်းမတွေနဲ့ စက်ဘီးလမ်းတွေ ပုံမှန်အတိုင်း ဖွင့်ထားသလို ခြေကျင်လျှောက်သူတွေအတွက်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေပြီး တရုတ်ရှေးဟောင်းမြို့တော်နဲ့ တီယန်နန်မင်ရင်ပြင်မှာတော့ ရဲအင်အား တိုးချထားတာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ လာဘ်စားမှုတွေကို အဆုံးသတ်ပြီး ဒီမိုကရေစီစနစ်ကို ပြန်ဖွဲ့စည်းဖို့၊ သတင်းစာလွတ်လပ်ခွင့်ရဖို့၊ လွတ်လပ်စွာပြောဆိုခွင့်ရဖို့၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရဖို့၊ တန်းတူအခွင့်အရေး ရရှိဖို့၊ စီးပွားရေးကို ပြန်လည်ပြုပြင်ရာမှာ ဒီမိုကရေစီဆန်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ ဧပြီ ၁၅ ရက်ကနေ ဇွန် ၄ ရက်အထိ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃၅ နှစ် ၁၉၈၉ ခုနှစ် ဇွန် ၄ ရက်နေ့မှာ တင့်ကားတွေဟာ တီယန်နန်မင်ရင်ပြင်ကို ချီတက်ခဲ့ပြီး ကျောင်းသားတွေနဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ အရေးအခင်းမှာ သေဆုံးသူအရေအတွက်ကို ဘယ်တော့မှ ထုတ်ပြန်ကြေညာတာမျိုး မလုပ်ခဲ့ပေမဲ့ လေ့လာသူတွေအဆိုအရ လူဦးရေ ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တီယန်နန်မင်ရင်ပြင် ဖြိုခွင်းမှုက တရုတ်နိုင်ငံထဲမှာ မပြောသင့်တဲ့ အကြောင်းအရာတခုအဖြစ် လက်ရှိအချိန်အထိ ဆက်ပြီးရှိနေပါတယ်။
Source-Reuters