Home
မြန်မာသတင်း
စစ်ဘေးရှောင်လူငယ်များကို အထက်တန်းပညာသင်ဆု ပေးမည်
DVB
·
June 4, 2024

ဒေါက်တာဆာဆာ တည်ထောင်တဲ့ Health & Hope foundation နဲ့ Prospect Burma အဖွဲ့တို့ ပူးပေါင်းပြီးတော့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့က စစ်ဘေးရှောင်လူငယ်တွေအတွက် အထက်တန်း ပညာသင်ဆုပေးအပ်သွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ၁၁ တန်းနဲ့ ၁၂ တန်း တက်ရောက်သင်ကြားဖို့ ပညာသင်ဆု အပြည့်ပေးအပ်သွားမှာဖြစ်ပြီးတော့ ဖော်ပြပါ တိုင်းနဲ့ပြည်နယ် ၄ ခုက အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေ၊ အခြေခံပညာ အထက်တန်းကို အမှတ် ၃၅၀ နဲ့အထက် ရရှိအောင် မြင်သူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

မီဇိုရမ်ကျောင်းတွေမှာ Arts, Science or Commerce ဘာသာရပ်တွေ တက်ရောက်လိုသူတွေ၊ ဖယ်ကြဉ်ခံရသူတွေ၊ ငွေကြေးခက်ခဲသူတွေ၊ မသန်စွမ်းတွေ အပါအဝင် နေရပ်စွန့်ခွာလာရသူတွေ လျှောက်ထားနိုင်ပြီး ကျောင်းသူ/ ကျောင်းသားတွေကို ကျောင်းလခနဲ့ နေထိုင်စရိတ် အပြည့်အဝ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ချင်းတောင်မှာ ဆင်းရဲချို့တဲ့တဲ့ မိဘ ၂ ပါးက မွေးဖွားခဲ့တဲ့ ဒေါက်တာ ဆာဆာဟာ ၂၀၀၈ ခုနှစ်မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး Health and Hope အဖွဲ့ကို တည်ထောင်ခဲ့ကာ ချင်း ပြည်နယ်တောင်ပိုင်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို  လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ချင်း ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်မနက် အာဏာသိမ်းမခံရမီအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရချိန်မှာ တက္ကစီသမား အယောင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သူ့ကို ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သလို လက်ရှိအချိန်ထိလည်း စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Prospect Burma အဖွဲ့အစည်းဆိုတာကတော့ မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူတွေကို နှစ်ပေါင်း ၃၀ ကျော်ကြာ ပညာသင်ဆုတွေ ပေးနေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါ တယ်။

ခုလတ်တလော Health & Hope foundation နဲ့ Prospect Burma တို့ရဲ့ ပူးပေါင်း ပညာသင်ဆုခေါ်ယူမှုကိုတော့ အောက်ဖော်ပြပါ လင့်ခ်ကတဆင့် ဇွန် ၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

.လျှောက်လွှာဖြည့်ရန်https://forms.office.com/e/MxwUFaMFNN

https://forms.office.com/e/MxwUFaMFNN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013