၂၀၁၄ ခုနှစ်၊ စစ်အာဏာသိမ်းချိန်ကစလို့ ထိုင်းနိုင်ငံ အထက်လွှတ်တော် (ဆီးနိတ်) ရွေးကောက်ပွဲတွေကို ပထမဦးဆုံးအကြိမ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ အရင်ကတော့ ၅-နှစ်သက်တန်း တာဝန်ယူရမယ့် ဆီးနိတ်အမတ်တွေကို စစ်တပ်က ခန့်အပ်ထားခဲ့တာပါ။ ရွေးကောက်ပွဲ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေ ၁၂ ရက်မှာ အစိုးရက ဒီဂရီအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမိန့်အရ အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၂၀၀ ကို ရွေးကောက်ရတော့မှာပါ။ အရင်က အရေအတွက် ၂၅၀ ဦး ရှိပါတယ်။ အောက်လွှတ်တော်က လူ ၅၀၀ ဦးရှိတော့ လွှတ်တော် ၂ ရပ်ပေါင်း လွှတ်တော်ကိုယ်စားလှယ် ၇၅၀ ရဲ့ သုံးပုံတပုံ အရေအတွက် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဝန်ကြီးချုပ် ရွေးကောက်ပွဲမှာ ဆီးနိတ်အမတ် ၂၅၀ က အခရာကျခဲ့ပါတယ်။ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်မှုမှာ အငြင်းပွားဖွယ် အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။ သူတို့က အနိုင်ရပါတီ Move forward ပါတီ ခေါင်းဆောင် ဖိထားကို ဝန်ကြီးချုပ် မဖြစ်နိုင်အောင် ပယ်ချခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ကာလတွေမှာ ဆီးနိတ် အထက်လွှတ်တော်က စစ်တပ်အကျိုးစီးပွားကာကွယ်ဖို့ ဘုရင့်သစ္စာခံ ဂိုဏ်းတော်သားတွေအနေနဲ့ အများအားဖြင့် ရပ်တည်ခဲ့ကြပါတယ်။ အခုတော့ ၂၅၀ အစား၊ ဆီးနိတ်ကိုယ်စားလှယ် ၂၀၀ ရှိပါမယ်။ ဝန်ကြီးချုပ် ရွေးချယ်ရာမှာ မဲပေးဖို့အာဏာ ပေးမထားတော့ပါဘူး။ ဒါပေမဲ့ ဥပဒေပြုရေးမှာ သူတို့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ ရှိနေဦးမှာပါ။
ဆီးနိတ်ရွေးကောက်ပွဲကို ဘယ်လို ကျင်းပသလဲ
အခု ဆီးနိတ်လွှတ်တော်အမတ် ၂၀၀ ကို ရွေးချယ်ရပါမယ်။ သူတို့ကို လူထုက တိုက်ရိုက်မဲပေး ရွေးချယ်တင်မြှောက်ရမှာ မဟုတ်ပါဘူး။ ကြိုတင်သတ်မှတ်ထားတဲ့ အရပ်ဘက် လုပ်ငန်းနယ်ပယ် အခု ၂၀ ကနေ အုပ်စုအလိုက် ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာပါ။ သက်မွေးဝမ်းကျောင်းအုပ်စု ၂၀ မှာ လယ်သမားတွေကနေ ရှေ့နေ ဥပဒေပညာရှင်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားလူနည်းစုတွေအထိ ပါဝင်ပါတယ်။
ဆီးနိတ်ကိုယ်စားလှယ်က ထိုင်းနိုင်ငံသား၊ အသက် ၄၀ အနည်းဆုံးရှိရမယ်။ မူးယစ်ဆေးစွဲနေသူ၊ လူမွဲစာရင်း ကြေညာခံထားရသူ၊ စိတ်ပေါ့သွပ်သူ၊ ထောင်ကျနေသူ၊ နိုင်ငံရေးအရ ပိတ်ပင်ခံထားရသူတွေ မဖြစ်ရပါဘူး။ ဆီးနိတ်အမတ်တွေကို ရွေးဖို့ ဥပဒေစည်းမျဉ်းများ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ စစ်အာဏာသိမ်း ဆီးနိတ်မှာ ပါခဲ့ရင်၊ နိုင်ငံရေးပါတီတွေမှာ ပါခဲ့ရင် ဝင်ရောက်အရွေးခံခွင့် မရှိပါဘူး။
ရွေးကောက်ပွဲကို ဇွန်လ ၉ ကနေ ၂၆ ရက်မှာ ကျင်းပဖို့ လျာထားပါတယ်။ ဒါကြောင့် အခု မေလ ၂၀-၂၄ မှာ စာရင်းတင်သွင်းရမှာပါ။ လျှောက်ထားသူတွေက မဲရွေးချယ်ပွဲစရိတ် ၂,၅၀၀ ဘတ်ပါ တင်သွင်းရမယ်။ ဇူလိုင် ၂ ရက်မှာတော့ ကိုယ်စားလှယ်တွေ ကြေညာလိမ့်မယ်။ ဆီးနိတ်အမတ်ဖြစ်လာရင် သက်တန်း ၅-နှစ် ရှိလိမ့်မယ်။
ဒီမိုကရေစီ မကျ
သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၁၄ အထိကို ထိုင်းမဲဆန္ဒရှင်တွေက တစုံလုံး၊ ဒါမှမဟုတ် တစိတ်တပိုင်း ရွေးချယ်နိုင်ခဲ့တယ်။ စစ်အာဏာသိမ်းတော့ စစ်တပ်ကခန့်တယ်။ အခု စနစ်သစ်မှာလည်း ထိုင်းမဲဆန္ဒရှင်တွေက ဆုံးဖြတ်ခွင့်ရှိဦးမှာ မဟုတ်ဘူး။
အခု ၂၀၂၄ ဆီးနိတ်ရွေးချယ်မှုက “ကိုယ့်ဘာသာ ရွေးချယ်မှု” (self-selection) လုပ်ငန်းစဉ်လို့ ဆိုတယ်။ ပထမဦးဆုံးအကြိမ် သုံးတာ။ သူတို့လုပ်ငန်းနယ်ပယ်ကလူတွေ အုပ်စု တခုချင်းအလိုက် အချင်းချင်း မဲပေး ပြန်ရွေးချယ်ကြရမှာ။ အုပ်စု ၂၀ ရှိမယ်။ အဲဒီကနေ တက်လာတဲ့ ကိုယ်စားလှယ်တွေ ရှိလာမယ်။ ဒီနေရာမှာ ဒေသန္တရ၊ ခရိုင်ကနေ နိုင်ငံအဆင့်အထိ ရှိပါမယ်။ အဲဒီကမှ ထိပ်ဆုံးကိုယ်စားလှယ် ၁၀ ဦးကို ဆီးနိတ်အမတ်အသစ်တွေအဖြစ် ရွေးချယ်ပါမယ်။ [အုပ်စုတခု ၁၀ ဦး X ၂၀ အုပ်စု = ၂၀၀ ဦး]
ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင် ကြော်ငြာလို့ မရပါဘူး။ ပိုစတာကပ်တာမျိုး၊ မီဒီယာတွေမှာ အင်တာဗျူးပေးတာမျိုး မလုပ်ရသလို ဘုရင်စနစ်နဲ့ပတ်သက်ပြီး ပြောဆိုလို့လည်း မရပါဘူး။ စည်းမျဉ်းတွေ ရှိပါတယ်။ ဝင်ငွေတခုခုမှ မရှိထားသူတွေတော့ ရွေးချယ်ခံခွင့် မရှိပါဘူး။
နိုင်ငံရေးပါတီတွေ ဘယ်လိုပတ်သက်ခွင့် ရှိသလဲ။
ထူးတာက နိုင်ငံရေးပါတီတွေရဲ့ အမှုဆောင်ခေါင်းဆောင်တွေ၊ သို့မဟုတ် ပါတီမှာ တာဝန်တခုခု ယူထားသူတွေ အရွေးချယ်ခံခွင့် မရှိပါဘူး။ တားမြစ်ထားပါတယ်။ ပါတီကနေလည်း ဆီးနိတ်အမတ်ဖြစ်ဖို့ ဩဇာလွှမ်းမိုးလို့ မရပါဘူး။ ဒီလို စည်းမျဉ်း ဖောက်ဖျက်သူတွေက ထောင် ၁၀-နှစ် ဒါမှမဟုတ် ဒဏ်ငွေဘတ် ၂၀,၀၀၀ ကျခံရနိုင်ပါတယ်။
အဲဒါအပြင် နိုင်ငံရေးအရ တာဝန်ရှိသူတွေ၊ အမတ်တွေ (အောက်လွှတ်တော်အမတ်)၊ ဒေသန္တရ အုပ်ချုပ်ရေး အရာရှိတွေလည်း ဝင်ရောက်ရွေးချယ်ခွင့် မရှိပါဘူး။ နိုင်ငံရေးပါတီတွေကို ကူညီနေသူတွေ၊ နိုင်ငံရေးအရ တာဝန်ရာထူးရှိသူတွေကို ကူညီနေသူတွေလည်း ဝင်ရွေးခွင့် မရှိပါဘူး။ ဒါပေမဲ့ အချို့သော အုပ်စုတွေက ဒီစည်းမျဉ်းကို တနည်းတဖုံ ကျော်လွှားဖို့ လုပ်နေကြပါတယ်။
ဥပမာ အရင် Future forward ပါတီ ဖျက်သိမ်းခံပြီးနောက် သူတို့ထဲက အချို့က Move forward ပါတီ လုပ်ကြပါတယ်။ အချို့က တိုးတက်သောလှုပ်ရှားမှု (Progressive Movement) ဆိုပြီး နိုင်ငံရေးလှုပ်ရှားမှု အုပ်စုတခုလို ရပ်တည်ကြပါတယ်။ [မြန်မာနိုင်ငံမှာတော့ အဲသလို ရနိုင်မှာ မဟုတ်ပါဘူး။ သူတို့မှာတော့ အဲသလို ကမ်ပိန်း အုပ်စုတွေကို ခွင့်ပြုထားပါတယ်။] ဒီ Progressive Movement က ဆီးနိတ်အမတ် ၇၀ လောက် ဝင်ပြိုင်ဖို့ မှန်းထားကြပါတယ်။
ဘာဖြစ်လို့ ဆီးနိတ်ရွေးကောက်ပွဲက အရေးကြီးသလဲ။
ပြောရရင် ဆီးနိတ်ကို ကြီးစိုးထားခဲ့သူတွေက ရှေးရိုးစွဲဝါဒီတွေ (ကွန်ဆာဗေးတစ်) တွေလို့ ဆိုနိုင်ပါတယ်။ သူတို့ကလည်း ဒီလို ဩဇာရှိမှုကို ဆက်လက်ထိန်းသိမ်းကြမှာပါ။ ပြောင်းလဲမယ်ဆိုတဲ့ တိုးတက်တဲ့ အာဂျင်ဒါတွေကို ပိတ်ဆို့လိုကြပါတယ်။ ဒါပေမဲ့ ခေတ်ပြင်အုပ်စုတွေကလည်း ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားကြမှာပါ။ အရင် စစ်တပ်က ဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ဆီးနိတ်အမတ်တွေရဲ့ သုံးပုံတပုံက ထောက်ခံချက်ရဖို့ လိုအပ်ပါတယ်။ အရင်ကတော့ စစ်အစိုးရခန့်ထားတဲ့ ဆီးနိတ်အမတ်တွေကြောင့် မအောင်မြင်ခဲ့ပါ။ အမျိုးသားနိုင်ငံရေးတခုလုံးအတွက်ဆိုရင် အရေးကြီးပါတယ်။
မေလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ (ဘန်ကောက်ပို့စ်သတင်းစာ၊ Bloomberg သတင်းဌာနမှ ပြန်လည်ဖော်ပြသည်။)