Home
မြန်မာသတင်း
မုံရွာ၊စစ်ကိုင်း၊ရေစကြိုမြို့နယ်တို့က စစ်ကောင်စီတပ်များနှင့်နမ့်ပေါင်လေတပ်စခန်း တိုက်ခိုက်ခံရ
DVB
·
June 4, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇွန် ၃ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး‌ သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း (Chindwin Attack Force) တာဝန်ခံတဦးက ပြောပါတယ်။

“မုံရွာစက်မှုဇုန်၊ သမစိတ္တလမ်းဆုံနားကို နေ့တိုင်း ကင်းပတ်ပြီး သွားလာနေတဲ့ ပြည်သူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ငွေညစ်နေတဲ့ ‌ေ–းသားတွေကို စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မျက်မြင်အရ ‌ေ–း ၇ ကောင် သေတယ်ဗျ။”

အဆိုပါတိုက်ခိုက်မှုကနေ MA 11 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Chindwin Attack Force ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ 

“နှစ်ဖက် အပြန်အလှန်ပစ်နေတုန်း ‌ေ–းသေတွေဆီကနေ သေနတ်ပြေးကောက်တဲ့ ကျနော်တို့ဆီက ရဲဘော်တယောက်ကို တခြား‌ေ–းတွေ ပစ်လိုက်တဲ့ ကျည်က ခေါင်းကိုထိလို့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။” 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဥ်လည်း မီးလောင်ပျက်စီးသွား​တယ်လို့ ဆိုပါတယ်။

ဇွန် ၁ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခံခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က မော်တော်ယာဥ်တစီး အပါအဝင် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့တယ်လို့ Taw Twin Tup Pee Local PDF အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မုံရွာ-မန္တလေးလမ်းပေါ်က ကျောက်ဆည်ရွာနားမှာ ကြေးနီတင်ကားတွေကို လုံခြုံရေးယူနေရတဲ့ စစ်သားတွေကို ပစ်ခဲ့တာ ၆ ဦးသေတယ်။ ၂ ဦးတော့ ဒဏ်ရာရသွားတယ်။” 

ပစ်ခတ်မှုအပြီး ပြန်အထွက်မှာ PDF အဖွဲ့တွေရဲ့ မော်တော်ယာဥ် ချို့ယွင်းခဲ့တာကြောင့် မော်တော်ယာဥ်နဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ပြီး PDF ရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မြေပြင်တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ PDF ရဲဘော်တဦးက “နာရီဝက်လောက် တိုက်လိုက်ရတယ်။ ၆ ကောင်သေတယ်။ သေသွားတဲ့သူတွေဆီက လက်နက်တွေကော၊ ကျနော်တို့ လက်နက်တွေကော ကားပေါ်တင်ပြီးတော့မှ နောက်နားက စာသင်ကျောင်းထဲမှာ ရှိနေတဲ့ စစ်သားတွေက ထွက်ပစ်တာ။ အဲဒီတော့မှ ကားက မောင်းမရတော့ဘူးဗျာ။ ကလပ်ချော်ပြီး ဂီယာက ထိုးမရတော့တာ၊ ပြေးခဲ့ရတယ်။ ကျနော်တို့ဘက်က ၃ ဦး ဒဏ်ရာရခဲ့တယ်၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို Taw Twin Tup Pee Local PDF အဖွဲ့နဲ့အတူ Generation Z Powre-GZP (Mandalay) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကား ၁ စီး၊ M 22 သေနတ် ၁ လက်၊ M16 A4 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ လျက်စားပုလင်းလက်ပစ်ဗုံး ၁ လုံး၊ 7.62 ကျည် ၄၀ တောင့်နဲ့ 5.56 ကျည် ၁၅၀ တောင့် ဆုံးရှုံးခဲ့​ရတယ်လို့ သိရပါတယ်။

အခုပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာလည်း PDF တပ်ဖွဲ့တွေဆီက မော်တော်ကားနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားပြီး သူတို့ဘက်က သေဆုံး၊ ဒဏ်ရာရသူစာရင်းကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

ပခုက္ကူ တပ်မ ၁၀၁ နဲ့ ပျူစောထီး အင်အား ၄၀ လောက်ပါ စစ်ကြောင်းကိုလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာနဲ့ အလယ်သောင်ကျေးရွာအကြားမှာ ဇွန် ၂ ရက် ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့​တယ်လို့ ရေစကြို-ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“နှစ်ဖက်ပစ်ခတ်မှုတော့ ခဏလေးဖြစ်သွားတာပေါ့။ ‌ေ–း ၁ ကောင် လစ်သွားတာကို ကျန်တဲ့‌ေ–းတွေက ဒရွတ်တိုက်ဆွဲသွားပြီး ဆက်ထွက်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာကို နယ်မြေရှင်းလင်းရေးလုပ်ရာမှာ  G3 ကျည်ဘောက် ၁ ခု၊ G3 ကျည် ၁၀ တောင့်နဲ့အတူ အီကွေ့မင့် ၁ ခု သိမ်းဆည်းရရှိခဲ့​တယ်လို့ ရေစကြို-ပကဖ ရဲဘော်တဦးက ပြောပါတယ်။

ရေစကြိုမြို့ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ ဖြစ်တဲ့အားလျော်စွာ မကြာခဏဆိုသလို စစ်တပ်ကနေ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖေါင်းကျေးရွာအနီး နမ့်ပေါင် လေတပ်စခန်းကိုလည်း ဇွန် ၂ ရက် နေ့လယ်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မော်ဖောင်းကျေးရွာ ဒေသခံတဦးက “နေ့လယ် ၂ နာရီခွဲလောက်က နမ့်ပေါင် လေတပ်စခန်း အပစ်ခံရတာ။ အတော်ပြင်းအားမြင့် ရှော့တိုက်ဒုံး ဖြစ်နိုင်တယ်။ အိမ်တွေတောင် တုန်သွားတယ်။ လေတပ်ထဲကသူတွေ ပြောတာကတော့ ဆေးပေးခန်းနား အပစ်ခံရတာလို့ ပြောတယ်” လို့ ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တဲ့ ရှော့တိုက်ဒုံးကြောင့် လေတပ်ဆေးပေးခန်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ နမ့်ပေါင် လေတပ်စခန်းကို People’s Defense Forces – NBPDF အဖွဲ့က ၁၀၇ မမ ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Photos .... Monywa The Boys, စစ်ကောင်စီရဲဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်,ရေစကြို-ပကဖ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013