ဟားမတ်စ်က အောက်တိုဘာ ၇ ရက်မှာ ပြန်ပေးဆွဲသွားခဲ့တဲ့ အစ္စရေး ဓားစာခံ ၄ ဦးဟာ ဖမ်းဆီးခံထားရချိန် အတွင်းမှာပဲ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၃ ရက်မှာ ပြောပါတယ်။
ဓားစာခံအမျိုးသား ၄ ယောက်ဟာ အသက် ၈၀ အရွယ်ရှိ ချိမ်းပယ်ရီနဲ့ ယိုရမ် မက်ဇ်ဂါ၊ အသက် ၈၄ နှစ်ရှိ အာမီယာရမ် ကူးပါးနဲ့ အသက် ၅၁ နှစ်အရွယ် နာဒက်ဗ် ပေါ့ပဲလ်ဝဲလ် တို့ ဖြစ်ကြပါတယ်။
သူတို့ရဲ့သေဆုံးမှုကို ထောက်လှမ်းရေးအချက်အလက်သစ်တွေအရ အတည်ပြုထားကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောပါတယ်။
သူတို့ ၄ ဦးဟာ လွန်ခဲ့တဲ့ လတွေကတည်းက ဟားမတ်စ် အကြမ်းဖက်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ခန်ယိုးနစ်စ် ဧရိယာမှာ အတူတူ သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပြီး သူတို့ရဲ့အလောင်းတွေကို ဟားမတ်စ်တွေက ထိန်းသိမ်းထားတာဖြစ်ကြောင်း ဟာဂါရီက ဆိုပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဓားစာခံ သဘောတူညီချက်တိုင်းကို ရပ်တည်ပြီး အစ္စရေးနိုင်ငံသားတွေအတွက် လုံခြုံရေးနဲ့ အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်အားလုံးကို သေချာအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သူတို့ ၄ ဦးစလုံးကို ဟားမတ်စ်အဖွဲ့က လွှင့်တင်ထားတဲ့ ဓားစာခံ ဗီဒီယိုတွေမှာ အသက်ရှင်လျက် ရိုက်ကူးခဲ့တာပါ။
ပြီးခဲ့တဲ့လက အဲဒီဗီဒီယိုကို လွှင့်တင်ချိန်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပေါ့ပဲလ်ဝဲလ်ဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ပြန်ပေးဆွဲခံရသူ ၂၅၀ ကျော်ထဲက ဓားစာခံ ၁၂၀ လောက် ဂါဇာကမ်းမြောင်မှာ ကျန်ရှိနေသေးကြောင်း အစ္စရေးစာရင်းတွေအရ သိရပါတယ်။ အစ္စရေး အာဏာပိုင်တွေက ဓားစာခံ အများအပြား သေဆုံးကြောင်း ကြေညာထားပါတယ်။
Source-Reuters