နယ်စပ်ကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားနိုင်ငံထဲကို အမှိုက်ထုပ်တွေသယ်လာတဲ့ မိုးပျံဘောလုံးတွေ လွှတ်နေတာကို ရပ်တံ့မယ်လို့ မြောက်ကိုရီးယားက ဇွန် ၂ ၇က်မှာ ပြောလိုက်ပါတယ်။
ဒါပေမဲ့ တကယ်လို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့် လက်ကမ်းစာစောင်တွေကို မိုးပျံပူဖောင်းနဲ့ ထပ်ပို့မယ်ဆိုရင်တော့ အမှိုက်သယ် မိုးပျံဘောလုံးတွေ လွှတ်တင်တာကို ပြန်စမယ်လို့ မြောက်ကိုရီးယားက ကတိပြုပါတယ်။
မြောက်ကိုရီးယားဟာ အမှိုက်တန်ချိန် ၁၅ တန်ကို မိုးပျံဘောလုံး အလုံးရေ ၃၅၀၀ သုံးပြီး စေလွှတ်ခဲ့အပြီးမှာ ဘယ်လောက် စိတ်မချမ်းမြေ့စရာကောင်းပြီး အမှိုက်သိမ်းရေး ဘယ်လောက် အားထုတ် လိုက်ရတယ်ဆိုတာ ကောင်းကောင်းအတွေ့အကြုံ ရခဲ့တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီး ကင်မ်ကန်းအီက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပြီး ဒီကြေညာချက်ကို အစိုးရမီဒီယာ KCNA ကနေ ထုတ်လွှင့် ခဲ့ပါတယ်။
တောင်ကိုရီးယားကတော့ နယ်စပ်ဖြတ်ကျော် အမှိုက်တင် မိုးပျံဘောလုံးတွေ စေလွှတ်ခဲ့တဲ့ အတွက် မြောက်ကိုရီးယားကို မခံနိုင်လောက်အောင် အရေးယူဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားကို တိုက်ရိုက် ချိန်ရွယ်ထားတဲ့ အသံချဲ့စက်တွေကနေ ပြောင်ပြောင်တင်းတင်း ဝါဒဖြန့်ချိရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားက မိုးပျံဘောလုံး ၇၀၀ ကျော်ကို လွှတ်တင်အပြီးမှာ တုံ့ပြန်နိုင်ရေးအတွက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီက အစည်းအဝေးခေါ်ယူခဲ့ပါတယ်။
ဒီမိုကရက်တစ်ဝါဒီ တောင်ကိုရီးယားနဲ့ ကွန်မြူနစ်ဝါဒီ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲမှာ ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးဘဲ အပစ်အခတ်ရပ်စဲရေး စာချုပ်သာ ချုပ်ဆိုထားလို့ သဘောတရားအရ စစ်ဖြစ်နေဆဲ ဖြစ်ပါတယ်။
Source - Reuters