Home
မြန်မာသတင်း
ငပလီကမ်းခြေအနီး၌ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်၊ ဒေသခံများ ပိတ်မိနေ
DVB
·
June 3, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီးမှာ ဇွန် ၂ ရက် ညကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သံတွဲမြို့ခံတွေက ပြောပါတယ်။

ငပလီကမ်းခြေတည်ရှိတဲ့ ငပလီမြို့နဲ့ တမိုင်ခွဲလောက်သာဝေးတဲ့ ဂေါ့ကျေးရွာအနီးမှာ ဇွန် ၂ ရက် ညနေပိုင်းကတည်းက လက်နက်ကြီးပစ်သံတွေ ကြားခဲ့ရပြီး ဇွန် ၃ ရက် မနက်ပိုင်းမှာ နှစ်ဖက်ပစ်ခတ်သံတွေ ပြင်းပြင်းထန်ထန် ကြားလာရတယ်လို့ တိုက်ပွဲအနီးရှိ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းကတည်းက ဂေါ့ကျေးရွာအနီးမှာ ပစ်ခတ်သံတွေကြားရတယ်။ ဒီနေ့မနက်မှာလည်း နှစ်ဖက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ တော်တော်‌လေးကို ကြားနေရတယ်။ တိုက်ပွဲကြောင့် စစ်ကောင်စီက သံတွဲလေဆိပ်အနီးက လမ်းတွေကို ပိတ်လိုက်တဲ့အတွက် ဒေသခံတွေ ထွက်မရဘဲ ပိတ်မိနေကြတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်နေတယ်။”

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဂေါ့ကျေးရွာမှာ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းနဲ့ နီးကပ်မှုရှိပြီး စစ်ကောင်စီအတွက် ဖိအားဖြစ်စေနိုင်ပြီး စစ်ရေးအရ အရေးပါတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ သံတွဲမြို့နယ်မှ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာ သံတွဲလေဆိပ်နဲ့ နီးကပ်တဲ့အတွက် သံတွဲလေဆိပ်ကို သွားလာမယ့် လေကြောင်းခရီးစဉ်တွေကိုလည်း ရပ်တန့်ထားရတယ်လို့ သိရပါတယ်။

လက်ရှိ ဂေါ့ကျေးရွာအနီးရှိတိုက်ပွဲမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပြီး အရပ်သားတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

“ဂေါ့ကျေးရွာအနီးတိုက်ပွဲမှာ ရွာသားတွေက တိုက်ပွဲအတွင်း ပိတ်မိနေကြဆဲဖြစ်တယ်။ အဓိကတော့ စစ်ကောင်စီက လမ်းပိတ်ဆို့ထားတာကြောင့် ကျေးရွာအတွင်း ပိတ်မိနေကြတာ။ ကျနော်သိသလောက်တော့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေကလည်း မကောင်းတော့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရသေးဘူး။ ပြည်သူတွေကို ဘေးလွတ်ရာကို တိမ်းရှောင်ခွင့်မပြုဘဲ စစ်ပွဲအတွင်း ပိတ်ထားမယ်ဆိုရင် တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”

သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး သံတွဲ-တောင်ကုတ် ကားလမ်းနဲ့ သူဌေးချောင်း တိုက်ပွဲတွေမှာ အာရက္ခတပ်တော်ဘက်က အသာစီးရခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၂ ရက်ကလည်း သံတွဲမြို့နဲ့ ၂ မိုင်လောက်သာ ကွာဝေးတဲ့ ပေါက်တောင်ကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ခံတွေကြား စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

တိုက်ပွဲကာလ ၆ လကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပြီး နောက်ထပ် အမ်း၊ သံတွဲ၊ မောင်တောမြို့နယ်တွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013