ပဲခူးတိုင်း၊ မြို့နယ်တချို့က အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်ဖို့ ကျောင်းသားတယောက်အတွက် အနည်းဆုံး ကုန်ကျငွေ ကျပ် ၁ သိန်းအထိ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
၂၀၂၄-၂၅ ပညာသင်နှစ်အတွက် နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေကို ဇွန် ၃ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
ပဲခူးတိုင်း မြို့နယ်တချို့က ပညာရေးဌာနတွေက ဗလာစာအုပ် အပါအဝင် ကျောင်းသုံးပစ္စည်းတွေ လုံလောက်အောင် ထုတ်မပေးနိုင်လို့ အပြင်မှာ ဝယ်ယူနေရပြီး ဗလာစာအုပ်တအုပ်ကို အနည်းဆုံး ကျပ် ၁,၀၀၀ ကျော်၊ ဘောပင်တချောင်းကို ကျပ် ၆၀၀၊ ကျောင်းဝတ်စုံတစုံကို grade 1 အဆင့်မှာ ကျပ် ၁၃,၀၀၀ နဲ့ ဝယ်ယူနေရတာကြောင့် ကျောင်းသားတယောက်ကို အနည်းဆုံး ကျပ် ၁ သိန်းလောက် ကုန်ကျနေပါတယ်။
နတ်တလင်းမြို့နယ်မှ ကျောင်းသားမိခင်တဦးက “ဈေးတွေက အကုန်တက်နေတာ။ မချောမကြမ်း ဗလာစာအုပ် တဒါဇင်ကို ကျပ် ၁၄,၀၀၀-၁၅,၀၀၀ ကြားမှာရှိတယ်။ အချောက ၁၇,၀၀၀ အထက်မှာရှိတယ်။ ခဲတံက B2 ခဲသားကောင်းတာက တချောင်းကို ၆၀၀၊ လေးကြောင်းမျဥ်းက ၁၄,၅၀၀ တဒါဇင်ကို၊ တချို့တွေ တဒါဇင်တောင် မဝယ်နိုင်ကြဘူး။ ကျောင်းသား ၃ ယောက်လောက်ရှိတဲ့ မိဘတွေဆို စာရေးကိရိယာဝယ်ဖို့ တော်တော်ခက်ခဲတယ်။ ကျောင်းကပေးတော့ ပေးပါတယ်။ Grade 1 ကို ၆ အုပ်ပေးရမှာကို ၄ အုပ်တည်းပေးတယ်။ အဲဒီ Grade 1 တယောက်ရဲ့ စတိုင်ဘောင်းဘီက ၈,၅၀၀၊ အင်္ကျီက ၄,၅၀၀ စုစုပေါင်း ကျောင်းဝတ်စုံဖိုးတင် ၁၃,၀၀၀။ ကလေးဆိုတော့ မိုးတွင်းလည်းဖြစ်တော့ အနည်းဆုံး ၃-၄ စုံလောက် လိုတယ်လေ။ အတန်းကြီးရှိတဲ့ အိမ်တွေဆိုရင် လွယ်အိပ်၊ မိုးကာ၊ ဖိနပ်နဲ့ဆိုရင် အနည်းဆုံးငွေ ၁ သိန်းလောက်ရှိမှ ရမယ်” လို့ ပြောပါတယ်။
ကျောင်းအပ်ရာမှာ ငွေကြေးမပေးရပေမဲ့ ဗလာစာအုပ်ဈေး တက်နေတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ပေါင်းတည်မြို့နယ်ထဲက ကျောင်းသားမိဘတဦးက ပြောပါတယ်။
“ကျောင်းအပ်ခတော့ မပေးရပါဘူး။ ကျောင်းအပ်ပြီးတော့ ဒီအတိုင်း ပြန်လာခဲ့ရတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေ အားလုံးကို ပုံနှိပ်စာအုပ်အစုံနဲ့ ဗလာစာအုပ် တဒါဇင်ပဲ ကျောင်းဖွင့်တဲ့နေ့ကျရမယ်လို့ ပြောလိုက်ပါတယ်။ မနှစ်က ၅ တန်းကျောင်းသားတယောက်က တနှစ်လုံးအတွက် ဗလာစာအုပ် ၅ ဒါဇင်ကုန်တော့ အပြင်က ၄ ဒါဇင် ထပ်ဝယ်ပေးရတယ်။ အခုက ဗလာစာအုပ်ဈေးတွေက အရမ်းတက်နေတော့ ဘယ်လိုလုပ်ရမယ်မသိဘူး။”
ဗလာစာအုပ်ဈေးက လွန်ခဲ့တဲ့ ၃-၄ ရက်က တဒါဇင်ကို ၉,၀၀၀ ကနေ အခုရက်ပိုင်းမှာ ၁၂,၀၀၀ ကျပ်အထိ ဖြစ်သွားခဲ့ပါတယ်။
ပြည်မြို့ အထက ၁ ကတော့ ဗလာစာအုပ် ၁ ဒါဇင်နဲ့ ကျောင်းသုံးပုံနှိပ်စာအုပ် အားလုံးထုတ်ပေးနိုင်ပေမဲ့ မြန်မာပုံနှိပ် ထုတ်မပေးဘူးလို့ ၉ တန်းကျောင်းသားတဦးရဲ့ ဖခင်က ပြောပါတယ်။
“တခြားငွေကြေးတော့ ဘာမှမကောက်ပါဘူး။ စာအုပ်တဒါဇင်နဲ့ ပုံနှိပ်စာအုပ်တွေက ဗမာပုံနှိပ်ကလွဲလို့ အကုန်ရပါတယ်။ အပြင်မှာက စာအုပ်တဒါဇင်ကို လွန်ခဲ့တဲ့ ၃-၄ ရက်က ၉,၀၀၀ ကနေ အခု ၁၂,၀၀၀ အထိ တက်သွားတာ။ ဘောပင်ကလည်း အချောင်း ၃၀ ပါတဲ့ အပေါစားတထုပ်ကို ၁၅,၀၀၀ ကျပ်၊ နောက် အရည်အသွေးကောင်းတဲ့ Link တံဆိပ်နဲ့ဟာက ၃ ချောင်းကို ၁,၈၀၀ ကျပ် အကုန်တက်နေတာ။ သူတို့က ဒေါ်လာဈေးတွေ တက်သွားလို့ ဆိုပြီး ပြောတာပဲ ဆိုင်တွေက။”
ကျောင်းသုံးပစ္စည်းတွေ ဈေးကြီးတာနဲ့ပတ်သက်လို့ ပြည်မြို့က အမည်မဖော်လိုတဲ့ ကျောင်းသုံးစာရေးကိရိယာရောင်းတဲ့ ဆိုင်တဆိုင်ကတော့ သူတို့အနေနဲ့ လှောင်ပြီး ရောင်းချတာမျိုးမရှိဘဲ ကုမ္ပဏီတွေမှာ မှာယူရတဲ့ဈေးက အရမ်းတက်သွားတာကြောင့် ဆိုင်အဆင်ပြေ ရပ်တည်ရေးအတွက်ပဲ ရောင်းချနေကြောင်း ပြောပါတယ်။
၂၀၂၄-၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆,၃၉၄,၅၂၈ (၆ ဒသမ ၄ သန်းနီးပါး) ကျောင်းအပ်နှံခဲ့ပြီး ကျောင်းသားအားလုံးကို ဗလာစာအုပ် အပါအဝင် ကျောင်းသုံးစာအုပ်၊ ကျောင်းဝတ်စုံတွေ အခမဲ့ပေးတယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
မင်းညို