ရှမ်းတောင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက အတင်းအကျပ် စစ်မှုထမ်း စုဆောင်းတာတွေ ရှိလာပြီး ကျေးရွာတရွာကို အနည်းဆုံး တယောက်ကနေ ၅ ယောက်အထိ စစ်မှုထမ်းဖို့ သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလကစကာ တော်လှန်ရေးတပ်တွေနဲ့ ၄ လနီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်တောင်ပိုင်းကို ထိန်းချုပ်ဖို့ တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့တွေမှာ စစ်မှုထမ်းဖို့ စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ ပအိုဝ်းလူငယ်အစည်းအရုံးဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကနေစပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်စာတွေ တောက်လျှောက် ရောက်လာနေတာလို့ ဆိုကြပါတယ်။
အသက် ၁၈ နှစ်ကနေ ၄၀ နှစ်ကြား အမျိုးသားတွေကို စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်ဖြစ်နေတဲ့ ကရင်နီနယ်စပ်နဲ့ ဆီဆိုင်ဒေသတွေကို တသုတ်ပြီးတသုတ် ပို့ဆောင်နေကာ အသက် ၄၀ ကနေ ၆၀ နှစ်ကြား အမျိုးသားတွေကိုတော့ အရန်အင်အားသဘောနဲ့ စုဆောင်းနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးဆီက သိရပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး စစ်မှုမထမ်းနိုင်ရင် ငွေကြေးကောက်ခံတာတွေ ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူက DVB ကို ပြောပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူက “မေလနောက်ဆုံးပတ်ကနေစပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်စာတွေ တောက်လျှောက်ရောက်လာတာ တွေ့ရတယ်။ တဖက်မှာတော့ PNA ပြည်သူ့စစ်က တောက်လျှောက် စစ်သားစုတာတွေ လုပ်တယ်။ ဟိုပုန်းရော တောင်ကြီးရော ဆီဆိုင်ရော တောက်လျှောက်ဖြစ်တာပေါ့။ တောင်ကြီး ကျောက်တလုံးနယ်က ဒေသခံတွေဆိုရင် တိုက်ပွဲတွေဖြစ်နေတဲ့ ကယားနယ်စပ်ဘက် ဆီဆိုင်ဘက်တွေကို ပို့ထားတယ်။ တောက်လျှောက်ပို့နေတယ်။ တသုတ်ပြီးတသုတ်ပေါ့။ လက်နက်တပ်ဆင်ပေးတယ်။ စစ်သင်တန်းတွေ တက်ရတယ်။ ရှေ့တန်းတွေသွားရတာ တသုတ်ပြီးတသုတ် တွေ့နေရတယ်” လို့ ပြောပါတယ်။
၄ လနီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီ ပြန်ထိန်းချုပ်နိုင်သွားတဲ့ ဆီဆိုင်မြို့မှာတော့ ဒေသခံအများစု ပြန်နေကြပြီလို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မြို့ပေါ်ရပ်ကွက်အများစု ပျက်စီးသွားခဲ့ပြီး တချို့ရပ်ကွက်တွေတော့ ရှင်းလင်းရေးလုပ်ဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။
ဆီဆိုင်ဒေသခံတဦးက “အများစု ပြန်နေကြပါပြီ။ မြို့ပေါ်ရပ်ကွက်ကတော့ ခုထိ ဘာမှ မကြားရသေးပါဘူး။ ပြန်နေကြပေမဲ့ မြို့ပေါ်မှာတော့ ရေ၊ မီး၊ အစိုးရအဆောက်အအုံတွေ ပြန်လည်မွန်းမံဖို့ လုပ်ဆောင်နေဆဲ ရှိပါသေးတယ်။ တချို့ရပ်ကွက်ဆို ခုချိန်ထိ ရှင်းလင်းရေးတွေ မလုပ်ရသေးဘူး။ ကျေးရွာတွေဘက်တော့ ၂ ရက်နေ့က သွားရမယ့်သူတွေက သွားကြပါပြီရှင့်။ ပထမအသုတ်အနေနဲ့ အိမ်ခြေအနည်းအများပေါ် မူတည်ပြီး အနည်းဆုံး တရွာတယောက်ကနေ ၅ ယောက်အထိ သွားနေရပါတယ်။ စကစ ကခေါ်တဲ့ စစ်မှုထမ်းပေါ့၊ ဟိုပုန်း အပါအဝင် မဲနယ်တောင် တကျောမှာတော့ တရွာတယောက် စစ်မှုထမ်းသွားရမယ်လို့ ကြားရပါတယ်” လို့ ပြောပါတယ်။
ရှမ်းတောင်တိုက်ပွဲတွေအတွင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုန်းနဲ့ ပင်လောင်းတို့မှာ စစ်ရှောင်နေရတဲ့ ပြည်သူ ၆၀,၀၀၀ နီးပါးရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ဆိုထားပြီး ၄ လကျော်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ မိုးရာသီအတွက် အမိုးအကာ လိုအပ်ချက်တွေ ရှိနေကာ စိုက်ပျိုးရေးရာသီ ရောက်လာတဲ့အတွက် လက်နက်ကြီးကင်းလွတ်ရာ နေရာတွေမှာ စပါးနဲ့ သီးနှံတွေ စိုက်ပျိုးကြဖို့ ပြင်ဆင်လာကြတယ်လို့ သိရပါတယ်။
မြတ်ကြီး