Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ဗုံးကြဲဒဏ်ရာရ အမျိုးသမီး ၂ ဦး ထပ်မံသေဆုံး၊  စစ်တွေ၌ စစ်တပ်က ကျွဲများကို ဖမ်းဆီးပြီး ကျပ်သိန်း ၅၀ တောင်း 
DVB
·
June 4, 2024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆေးဝါးကုသမှု ခံယူနေတဲ့ အမျိုးသမီး ၂ ယောက် ဇွန် ၃ ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ယိုးတရုတ်ကျေးရွာကို ဇွန် ၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက Y12 ထောက်ပို့လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တာလို့ ယိုးတရုပ်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီအထဲက ဆေးဝါးကုသမှု ခံယူနေတဲ့ ယိုးတရုပ်ကျေးရွာက အသက် ၄၈ နှစ်အရွယ် ဒေါ်သန္တာခိုင်နဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးနုတို့ ဇွန် ၃ ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာဘက်မှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမျိုး မရှိဖူးဘူးဗျ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လူစည်ကားရာ စျေးနားတဝိုက်နဲ့ ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ။”

စစ်တွေမြို့နယ်မှာတော့ ဇွန် ၂ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်က ကျွဲတွေကို ဖမ်းဆီးကာ ပြန်ပေးဆွဲပြီး သိန်း ၅၀ ကျပ် တောင်းယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ် သံတော်လီ(မွတ်ဆလင်)ကျေးရွာနားမှာ ဇွန် ၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ဦးဘော်ဒီယာ ပိုင်ဆိုင်တဲ့ ကျွဲ ၁၈ ကောင်ကို ရွာနား သူတို့စခန်းချထားတဲ့ နေရာမှာ ဖမ်းချည်ထားခဲ့တာလို့ သံတော်လီရွာ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီနောက် ဇွန် ၂ ရက် မနက်ပိုင်းမှာ ကျွဲပိုင်ရှင်တွေကို ခေါ်ယူပြီး “မင်းတို့ကျွဲတွေကို စခန်းနားမလာစေနဲ့၊ စခန်းနားလာရင် အမဲသားဖျက်စားပစ်မယ်” လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျွဲပိုင်ရှင်ဆီက သိန်း ၅၀ ကျပ် တောင်းယူပြီး ခံဝန်ကတိ အတင်းအဓမ္မ ထိုးခိုင်းကာ ကျွဲတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်တွေကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူကြသလို ပြည်သူတွေဆီကနေ အတင်းအဓမ္မ ငွေညှစ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက် သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013