Home
မြန်မာသတင်း
ချင်းအမျိုးသား ၁၀ ဦး ဖမ်းဆီးခံရ၊ တီးတိန်တွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးထပ်ရှို့
DVB
·
June 4, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ်က ချင်းအမျိုးသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှောက်တောင်ကျေးရွာအနီးမှာ အခြေစိုက်တဲ့ ကပစ ၁၄ မှ စစ်ကောင်စီတပ်သားတွေက မေ ၃၁ ရက်မှာ အင်ပိုးကျေးရွာက ၇ ဦးနဲ့ ဇွန် ၁ ရက်မှာ ရှောက်တောင်ကျေးရွာက ၃ ဦးတို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

ရှောက်တောင်ရွာခံတဦးက “စစ်သားတွေက ရွာထဲကို မနက်အစောကြီး ဝင်လာကြပြီး ရွာထဲက အမျိုးသား ၃ ယောက်ကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

အင်ပိုးကျေးရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဒေသခံတဦးကလည်း “အဖမ်းခံရတဲ့ ၇ ယောက်က ရွာမှာပဲ အေးအေးဆေးဆေး နေကြတဲ့သူတွေပဲ။ ဟိုဘက်က ရှောက်တောင်ရွာက ၇ ယောက်နဲ့ တရက်တည်း ရွာမှာပဲ အဖမ်းခံရတာ။ ဖမ်းသွားတာ ၅ ရက်လောက် ကြာသွားပြီ။ မိသားစုတွေကလည်း အဆက်အသွယ်မရလို့ စိတ်ပူနေကြတယ်” လို့ ပြောပါတယ်။

ဇွန် ၂ ရက် မနက်ပိုင်းကလည်း ကပစ ၁၄ က စစ်ကောင်စီတပ်သားတွေဟာ အင်ပိုးကျေးရွာကို အင်အား ၇၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေဟာ တခြားကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၁ ရက်မှာ ကပစ ၁၄ ကင်းဂိတ်တခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အခုလို ဖမ်းဆီးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇွန် ၁ ရက် ညမှာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၂ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ည ၉ နာရီလောက်က ဆေးရုံနား လွယ်ဘွာလ်ရပ်ကွက်ထဲက အိမ်တွေကို စစ်သားတွေက ထပ်ပြီး မီးရှို့ကြတယ်။ မီးလောင်တဲ့ကြာချိန်ကို မှန်းကြည့်ရင် အိမ် ၂ လုံးထက်မနည်းဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လူနေအိမ်တွေ မီးလောင်နေတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဘက်က မြို့တဝက်လောက်ကို ထိန်းထားနိုင်တဲ့ အနေအထားပါ။ ‌ေ–းတွေ အထိုင်ချထားတဲ့ တပ်စခန်းတချို့ကိုလည်း ကျနော်တို့ဘက်က သိမ်းပိုက်ထားပါတယ်။ နှစ်ဖက် စစ်ရေးကတော့ တင်းမာနေတုန်းပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချနေတဲ့ တပ်စခန်းတွေရဲ့ အနီးမှာရှိတဲ့ လူနေအိမ်တွေ ထပ်မံမီးရှို့ခံရတာလို့လည်း သူက ဆက်ပြောပါတယ်။

ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ တီးတိန်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဟာ တီးတိန်မြို့နဲ့ အနီးတဝိုက်ကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့ကို မေ ၂၇ ရက်၊ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးသွားပြီး သောင်းချီတဲ့ မြို့ခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013