ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာရှိတဲ့ ရွှေဆိုင်တဆိုင်မှာ ဇွန် ၃ ရက် မနက်ပိုင်းက ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားကြောင်း သိရပါတယ်။
ရမ်ပူရပ်ကွက် လမ်းသွယ် ၂၁ ရမ်ပူဈေးအနီးရှိ ရွှေမင်းသမီး ရွှေရောင်းဝယ်ရေးဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး ဓားပြတိုက်ကာ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရမ်ပူရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသားတဦးက "မနက် ၁၀ နာရီလောက် ဆိုင်ကယ်နှစ်စီးနဲ့ လူသုံးယောက် ရောက်လာတယ်။ သေနတ်တွေ ကိုင်ပြီး ရွှေဆိုင်ထဲ ဓားပြဝင်တိုက်သွားတာ။ ရွှေဆိုင်ပိုင်ရှင်ဘက်ကတော့ ရွှေပါသွားတယ်ဆိုတာ ပဲပြောတယ်။ ရွှေဘယ်လောက်ပါသွားတယ် ဆိုတာမပြောဘူး" လို့ ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေဆိုင်အတွင်း လာရောက်စစ်ဆေး ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ရွှေဆိုင် ဓားပြတိုက်ခံရတာ ပထမဆုံး အကြိမ်ဖြစ်ပြီး ဗန်းမော်မြို့မှာတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အောင်သီရိရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတပိဿာလောက် ယူဆောင်သွားကြောင်း သိရပါတယ်။
photo- cj & ပုံဟောင်း