ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူခါရက်စ်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ နိုင်ငံခြားသား အမျိုးသားတဦးက ဓာတ်ဆီဗုံးကို ပစ်ချခဲ့ပြီးနောက် ဇွန် ၃ ရက်မှာ ထိန်းသိမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေက သံရုံးအဆောက်အဦကို စောင့်ကြပ်နေကြပါတယ်။
မိုလိုတော့ဗ် ကော့တေးနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် မရှိခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရိုမေးနီးယား လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ အသက် ၃၄ နှစ်အရွယ် ဆီးရီးယား အမျိုးသားတဦးလို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားတဲ့ သံသယရှိသူကို မြန်မြန်ဆန်ဆန် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း ရိုမေးနီးယားနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ရိုးဗန်အဇားက ပြောပါတယ်။
သံသယရှိသူဟာ လုံခြုံရေးစစ်ဆေးနေချိန်အတွင်း ဓာတ်ဆီဗုံးကို ဆွဲထုတ်၊ မီးထွန်းကာ ပစ်ချခဲ့တာလို့ ဆိုပါတယ်။
သံရုံးအနေနဲ့ ဘေးကင်းပြီး နဂိုမူလအတိုင်း ရှိနေကြောင်း အာမခံ ပြောကြားပါကြောင်းနဲ့ အစ္စရေးနဲ့ ရိုမေးနီးယားကြား ဆက်ဆံရေး ကောင်းမွန်လာစေဖို့ ရိုမေးနီးယားအစိုးရနဲ့ ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဇားက ပြောပါတယ်။
သံသယရှိသူဟာ သူ့ပုဂ္ဂိုလ်ရေးရာအရ စေ့ဆော်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂါဇာကမ်းမြောင်ရှိ အစ္စရေးစစ်ပွဲအတွက် လှုံ့ဆော်ခြင်းမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျော်ဂျီယန် ဒရာဂန်က ဒေသတွင်း ရုပ်မြင်သံကြားဌာန Digi24 ကို ပြောပါတယ်။
Source-Reuters