တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ မူလတန်းကျောင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေး ၃ ဦးသေဆုံးကာ အယောက် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန် ၄ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင် ထမင်းစားနားချိန် ကျောင်းဧရိယာအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတဦးက “ထမင်းစားနားချိန် ကျောင်းမပြန်မတက်ခင် ဆရာမက ကလေးတွေကို မြက်နုတ်ခိုင်းတယ်။ အဲမှာ ကလေးတယောက်က မကွဲဘဲကျန်နေတဲ့ ဗုံးသီးကိုတွေ့ပြီး ပစ်ပေါက်လိုက်တဲ့အချိန်မှာ ပေါက်ကွဲတာပဲ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး အိမ်ရှေ့ပြင်ရပ်ကွက်မှာ နေထိုင်သူတဦးက “ဗုံးပေါက်တဲ့ ဧရိယာနားမှာ တိုက်နယ်ဆေးရုံရှိတယ်။ ဒါပေမဲ့ ဒီနေရာကို မသယ်ဘဲနဲ့ ကလေးတွေကို ထားဝယ်ဆေးရုံကြီးပဲ တခေါက်ပြီးတခေါက် ပို့နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ အဆိုပါပေါက်ကွဲမှုမှာ ကလေး ၁၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးချထားပြီး စစ်ဆေးတင်းကျပ်နေတယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။
ထားဝယ်မြို့အဝင် စစ်ကောင်စီရဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေ ၁၃ ရက်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားတဲ့အပြင် အဆိုပါစစ်ဆေးရေးဂိတ်အနီး ငါးထပ်ဟိုတယ်တခုမှာ စစ်ကောင်စီတပ်သားတွေ နေရာယူထားတယ်လို့ သိရပါတယ်။