မကွေးတိုင်း၊ ပခုက္ကူ-မြိုင်နယ်အစပ် မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၂ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၄ ရက် မနက် ၉ နာရီမှာ ကံမြင့်ကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်ပါတယ်။
ဗုံး ၂ လုံးစလုံးက ကံမြင့်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၃ ဦးနဲ့ ၈ နှစ်အရွယ် ယောကျ်ားလေးတဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဇွန် ၅ ရက် မနက်အစောပိုင်းမှာ ၅ တန်းကျောင်းသူ မိန်းကလေးငယ်တဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအဝင် ၁၅ ဦး ဒဏ်ရာပြင်းထန်ရခဲ့တာကြောင့် စိုးရိမ်နေရတယ်လို့ အကူအညီပေးနေသူက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်နေတဲ့ ကံမြင့်ကုန်းဒေသခံတဦးက “ဘုန်းကြီးကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်တာပါ။ ဘုန်းကြီးကျောင်းထဲ ရောက်တဲ့သူတွေလည်း ထိတယ်၊ ဘုန်းကြီးကျောင်း အနောက်ဘက်က အုတ်တံတိုင်းပဲ ခြားတဲ့အိမ်ကို ကပ်လျက်ကျတာ၊ အလောင်းတွေက ပုံပျက်တယ်၊ ၂ ယောက်ကတော့ လူမှန်းတောင်မသိဘူး၊ ခြေထောက်တွေ ခေါင်းတွေ လက်တွေ မွစာကြဲနေတာပဲ။ ကလေးကတော့ ခြေထောက်တချောင်း လက်တချောင်း ပြတ်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ခွဲခြားမရတဲ့အတွက် ဇွန် ၄ ရက် ညနေပိုင်းမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဇွန် ၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီးတယောက် သေဆုံးခဲ့ကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ ငါးဖမ်းဇုန်၊ မော်ဖျားရပ်ကွက်ကို ဇွန် ၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီဘက်က Y12 ထောက်ပို့လေယာဥ်တစင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆင်ခေါင်းကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းကျေးရွာ၊ မော်ဖျားရပ်ကွက်က အသက် ၂၇ နှစ်အရွယ်၊ ကလေးမိခင် မဟေမာန်ဦး ဦးခေါင်းကို ဗုံးစထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မော်ဖျားရပ်ကွက်အတွင်းက ပြည်သူ ၅ ယောက်ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီလလယ်လောက်က စတင်ကာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒီနေ့အထိ အရပ်သားပြည်သူ ၂၈ ယောက်လောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။