လက်ဘနွန်နိုင်ငံကနေ ဟစ်ဇ်ဘိုလာအဖွဲ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ ရှည်လျားကျယ်ဝန်းတဲ့ မြေနေရာတွေမှာ မီးလောင်ကျွမ်းနေပြီး အနီးအနားရှိ တချို့အိမ်တွေကိုလည်း မီးကူးစက်ခဲ့တာကြောင့် ဇွန် ၃ ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မီးကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
အစ္စရေးနိုင်ငံ မြောက်ပိုင်း ကိရိယတ်-ရှမိနာ မြို့မှာ တောမီးလောင်ကျွမ်းနေပုံကို အစ္စရေး မီးသတ်နဲ့ ကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။
အဲဒီဗီဒီယိုကို ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲဆိုတာ ရိုက်တာစ်က အတည်မပြုနိုင်သေးပါဘူး။
အစ္စရေးနဲ့ စစ်သွေးကြွအဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ပြီးခဲ့တဲ့လတွေ အတွင်းမှာ လက်ဘနွန်နယ်စပ်အနီးရှိ မြို့တွေမှာ နေထိုင်တဲ့ အစ္စရေးအများအပြားဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားခဲ့ကြပြီး အခု တောမီးလောင်မှုကြောင့် တချို့နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။
ပူပြင်းခြောက်သွေ့နေတဲ့ ရာသီဥတုကြောင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတဲ့ မီးတောက်တွေကို ကူထိန်းပေးနိုင်ဖို့ အစ္စရေးစစ်တပ်ဟာ ပစ္စည်းကိရိယာတွေနဲ့ စစ်သားတွေကို စေလွှတ်ခဲ့ပြီး အရန်တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က သူတို့ဟာ လမ်းတွေကိုပိတ်ထားပြီး နယ်မြေရှင်းလင်းနေကြောင်း ဒေသခံတွေကို ပြောထားပါတယ်။
တောမီးဟာ ဧက ရာနဲ့ချီ လောင်ကျွမ်းသွားကြောင်း အစ္စရေး ပန်းဥယျာဉ်ဆိုင်ရာ အာဏာပိုင်တွေက တနင်္လာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မီးသတ်သမားတွေဟာ ကိရိယတ်-ရှမိနာမြို့ အပါအဝင် နေရာအများအပြားမှာ နေအိမ်တွေဆီ မီးမကူးစေဖို့ ညဉ့်နက်ချိန်ထိအောင် မီးငြှိမ်းသတ်နေကြကြောင်း အမျိုးသားမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
Source-Reuters