အစ္စရေးဟာ ထာဝရ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ကနေ လုံးဝဆုတ်ခွာရေးအပေါ် ပြတ်သားတဲ့ ရပ်တည်ချက် မရှိရင် ဟားမတ်စ်ကလည်း သဘောတူညီချက်ကို လက်ခံဖို့ ဆန္ဒမရှိဘူးလို့ ဟားမတ်စ်အရာရှိ အိုဆာမာ ဟမ်ဒန်က ဇွန် ၄ ရက်မှာ ပြောပါတယ်။
အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကိုရော၊ ဂါဇာကမ်းမြောင်ကနေ သိမ်းပိုက်ထားတဲ့ တပ်ဖွဲ့တွေကို အပြီးအပြတ် ဆုတ်ခွာဖို့ကိုရော အစ္စရေးရဲ့ တုံ့ပြန်မှုက အတည်မပြုဘူးဆိုတာ ရှင်းလင်းသိသာနေကြောင်းနဲ့ အမေရိကန်သမ္မတ ဘိုင်ဒင်က သူ့ရဲ့မိန့်ခွန်းမှာ အပြုသဘောဆောင်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ အဲဒီရပ်တည်ချက်နဲ့ မကိုက်ညီနေကြောင်း ဘေရွတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟမ်ဒန်က ပြောပါတယ်။
အစ္စရေးခေါင်းဆောင် ဘင်ဂျမင် နေတန်ယာဟုဟာ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဂါဇာကမ်းမြောင် စစ်ပွဲကို အဆုံးသတ်ဖို့ တန့်ထားတယ်လို့ မေ ၂၈ ရက်က Time မဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာ သမ္မတ ဘိုင်ဒင်က ပြောကြားထားပါတယ်။
၈ လနီးပါးကြာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့ ဘိုင်ဒင်ဟာ ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်း ရှိ၊ မရှိ မသေချာကြောင်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက The Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အစိုးရရှေ့နေဟာ စစ်ရာဇဝတ်မှုတွေအတွက် နေတန်ယာဟုနဲ့ အစ္စရေးကာကွယ်ရေးဦးစီးချုပ်အပြင် ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံတောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီးနောက်ပိုင်းမှာ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်ကတည်းက လူဦးရေထူထပ်တဲ့ ဂါဇာဒေသရဲ့ လူဦးရေ ၂ ဒသမ ၃ သန်းအနက် အများစုမှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဟားမတ်စ်တို့အုပ်ချုပ်တဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပါလက်စတိုင်း ၃၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source-Reuters