လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး e-စီးကရက် သောက်သုံး၊ ဖြန့်ဖြူး၊ တင်သွင်းတာတွေ အားလုံးကို ပိတ်ပင်မှာဖြစ်ကြောင်း ဟောင်ကောင်မြို့မှာ ဇွန် ၆ ရက်က ကြေညာပါတယ်။
ဟောင်ကောင်မှာ e-စီးကရက် တင်သွင်းတာ၊ ဖြန့်ဖြူးတာ၊ ပြန်လည်ရောင်းချတာနဲ့ သောက်သုံးမှုတွေကို တားမြစ်ထားပြီးနောက် ၂ နှစ်အကြာမှာ အရာအားလုံးကို ပိတ်ပင်မှု တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးအတွင်းရေးမှူး လိုချန်မာအူက “ကျနော်တို့ ဆေးလိပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေအားလုံးကို ပိတ်ပင်သွားမှာပါ။ ဒီလို e-စီးကရက် နဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ပိတ်ပင်ဖို့ အားလုံးက သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ တဦးချင်း အသုံးပြုတာကအစ e-စီးကရက် နဲ့ ပတ်သက်တာ မှန်သမျှ ပိတ်ပင်သွားရမှာပါ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟောင်ကောင်မှာ အရင်ကတည်းက စီးပွားဖြစ်ရောင်းချမှုတွေကို ပိတ်ပင်ထားပြီး ကြာသပတေးနေ့က လက်လီဝယ်ယူသူတွေကို ပိတ်ပင်ဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ တဦးချင်း e-စီးကရက် သောက်မှုကိုတောင် ပိတ်ပင်ထားပြီး ဥပဒေအရ e-စီးကရက် တင်သွင်းသူမှန်သမျှ ၇ နှစ်အထိ ထောင်ချနိုင်ပြီး ဟောင်ကောင်ဒေါ်လာ ၂ သန်း ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရောင်းချသူနဲ့ ဖြန့်ချိသူတွေလည်း ထောင်ဒဏ် ၆ လအထိ အပြစ်ပေးနိုင်ပါတယ်။
မြို့တော်တာဝန်ရှိသူတွေက e-စီးကရက် နဲ့ပတ်သက်ပြီး ပိတ်ပင်မှုတွေပြုလုပ်ဖို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပြီး အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ တန်းစီရင်း ဆေးလိပ်သောက်မှု၊ အချင်းချင်း ဆေးလိပ်အပြန်အလှန်တိုက်မှုတွေကိုပါ ပိတ်ပင်သွားမယ်လို့ ထည့်သွင်းကြေညာထားပါတယ်။
တိုဘာကိုဆေးလိပ်တွေကိုလည်း ကလေးငယ်တွေနဲ့ အမျိုးသမီးေတွအတွက် ကျန်းမာရေး ထိခိုက်တဲ့ စစ်တမ်းတွေကို ဖော်ပြပြီး အာဏာပိုင်တွေက ပိတ်ပင်ဖို့ အဆိုပြုထားဖူးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်မှာ e-စီးကရက် ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက ရောင်းချတာကို ပိတ်ပင်ခဲ့ပြီး ၈၇ နိုင်ငံကတော့ သောက်သုံးခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဟောင်ကောင်အာဏာပိုင်တွေက ၂၀၂၃ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာကနေ လာမယ့်နှစ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလာဖို့ မျှော်လင့်ထားပါတယ်။
Source-Reuters