အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒင်မှာ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲသူတွေကို သေနတ်ကိုင်ဆောင်ခွင့် တားမြစ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရင် ခွင့်လွှတ်မှာမဟုတ်ကြောင်း ဇွန် ၆ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ သားဖြစ်သူကို ခွင့်လွှတ်မှာမဟုတ်သလို အခုသီတင်းပတ်မှာ စတင်ခဲ့တဲ့ တရားခွင်ရဲ့ ရလဒ်ကိုလည်း လက်ခံမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
ဟန်တာဘိုင်ဒင်ရဲ့ ကွယ်လွန်သူ အစ်ကို ဘိုဘိုင်ဒင်ရဲ့ ဇနီးဖြစ်သူ ဟာလီဘိုင်ဒင်က အခုသီတင်းပတ်အတွင်း ကြားနာခဲ့တဲ့ မှုခင်းရုံးချိန်းမှာ ဟန်တာဘိုင်ဒင်ရဲ့ ထရပ်ကားကို မကြာခဏ သန့်ရှင်းရေးလုပ်ပေးရတာမှာ ကိုကင်းအကြွင်းအကျန်တွေနဲ့ ပွိုင့် ၃၈ ခြောက်လုံးပြူးသေနတ်တလက်ကို တွေ့ရှိခဲ့ကြောင်း သက်သေခံခဲ့တာပါ။
ဟန်တာဘိုင်ဒင် ကိုယ်တိုင် ခုခံထုချေဖို့ သက်သေထွက်ဆိုမလား ဆိုတာကိုတော့ သူနဲ့ သူ့ရဲ့ရှေ့နေတွေက မပြောခဲ့ပါဘူး။
ဟန်တာဘိုင်ဒင်ဟာ ၂၀၁၈ ခုနှစ်မှာ ခြောက်လုံးပြူးတလက်ဝယ်ပြီး လက်နက်ကို ၁၁ ရက်ကြာ တရားမဝင် လက်ဝယ်ရှိချိန်မှာ သူ့ရဲ့ တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲမှုကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားတဲ့ ပြစ်မှု ၃ ခုအတွက် အပြစ်မရှိကြောင်း ဝန်ခံ လျှောက်လဲခဲ့ပါတယ်။
အကယ်၍ ဟန်တာဘိုင်ဒင်ဟာ စွဲချက်အားလုံးနဲ့ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်ကြောင်း အမေရိကန် တရားရေးဌာန အဆိုအရ သိရပါတယ်။
တရားခံတွေဟာ ယေဘုယျအားဖြင့် ပိုပြီးတိုတောင်းတဲ့ ပြစ်ဒဏ်တွေကို ခံရလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
Source-Reuters