ဗြိတိန်နိုင်ငံတဝန်းရှိ ကမ်းရိုးတန်းရေပြင်က ရေနေသတ္တဝါတွေထဲမှာ ကိုကင်းနဲ့ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့ရကြောင်း သိပ္ပံပညာရှင်တွေရဲ့ ထုတ်ဖော်ချက်တွေကြောင့် ရေပြင်မှာ ထိတွေ့ကျွမ်းဝင်သူတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ကိုကင်း၊ MDMA လို့သိကြတဲ့ မက်သယ်လင်းနက်-ဒိုင်အောက်ဆီ စိတ်ကြွဆေးနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးတွေကို ကဏန်းတွေ၊ ကမာတွေ၊ ပင်လယ်ရေမှော်တွေ၊ အနည်တွေထဲမှာ နေထိုင်တဲ့ သန်ကောင်တွေ စတဲ့ အဏ္ဏဝါသက်ရှိတွေထဲမှာ တွေ့ရှိရတယ်လို့ ပေါ့ထ်စ်မောက်သ် တက္ကသိုလ်မှ အဏ္ဏဝါဇီဝဗေဒပညာရှင် ပါမောက္ခ အဲလက်စ် ဖို့ဒ်က ရိုက်တာကို ပြောပါတယ်။
လက်ရှိလုပ်ဆောင်နေဆဲ လေ့လာမှုတွေမှာ ရေကူးသမားတွေ၊ သင်္ဘောသားတွေနဲ့ လှိုင်းစီးသူ စတဲ့ စေတနာ့ဝန်ထမ်း နိုင်ငံသားတွေ၊ သိပ္ပံပညာရှင်တွေ ပါဝင်ကြပြီး ရေရဲ့အခြေအနေနဲ့ ဧရိယာအတွင်း ဖျားနာမှုတွေ များပြားလာခြင်းကြောင့်လည်း စိုးရိမ်ပူပန်နေကြပါတယ်။
သူတို့ဟာ ချီချက်စ်တာနဲ့ လန်းင်စတုန်း ဆိပ်ကမ်းတွေမှ ရေနေသတ္တဝါတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်နိုင်ချေ မြင့်မားတဲ့ ရာနဲ့ချီတဲ့ ဓာတုပစ္စည်း နမူနာတွေကို စုဆောင်းတွေ့ရှိ ဖော်ထုတ်ခဲ့ပါတယ်။
အခုတော့ သူတို့တဖွဲ့လုံး ပုံမှန် ပင်လယ်ရေကူးနေတာကို ရပ်လိုက်ပြီလို့ Clean Harbors Partnership အဖွဲ့ကို ပူးတွဲတည်ထောင်သူ ရော့ဘ် ဘေလီက ပြောပါတယ်။
ဒီမှာတွေ့ရှိတဲ့ ညစ်ညမ်းမှုတချို့က မုန်တိုင်းကြောင့် ရေလျှံမှုနဲ့ မိလ္လာတွေကြောင့် ဖြစ်တယ်လို့ ပါမောက္ခ အဲလက်စ် ဖို့ဒ်က ပြောပါတယ်။
ဒီနေရာတွေမှာ နှစ်ပေါင်းကြာရှည် အမှိုက်ပုံတွေနဲ့ ပြည့်နေပြီးတော့ အဲဒီကနေ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေက ဆယ်စုနှစ်ချီ ပေါက်ကျယိုစီးမှု ဖြစ်နေနိုင်ကြောင်းလည်း ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ လမ်းရေလျှံမှုတွေကြောင့်လည်း အများကြီးရှိနိုင်ကြောင်း သူက ပြောပါတယ်။
လူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတဲ့ မူးယစ်ဆေးတွေနဲ့ ဆေးဝါးအကြွင်းအကျန်တွေက ရေထဲကို ရောက်သွားကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
အဏ္ဏဝါသက်ရှိတွေအပေါ် မူးယစ်ဆေးဝါးတွေရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အဝ မသိရသေးပေမဲ့ ဒီဆေးဝါးအာနိသင်တွေကြောင့် တချို့သတ္တဝါတွေရဲ့ သဘာဝအပြုအမူကို ပြောင်းလဲစေနိုင်ကြောင်း ဖို့ဒ်က ပြောပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အင်္ဂလန်တောင်ပိုင်းရှိ မြစ်တွေနဲ့ ကမ်းရိုးတန်းရေတွေကို ညစ်ညမ်းစေတဲ့ တရားမဝင် မိလ္လာစွန့်ပစ်မှုတွေအတွက် Southern Water ကုမ္ပဏီက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက်မှာ စံချိန်တင်ဒဏ်ငွေ ပေါင် သန်း ၉၀ ပေးဆောင်ခဲ့ရဖူးပါတယ်။
Source-Reuters