မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှာ ဇွန် ၅ ရက်က နှစ်ပေါင်း ၃၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကျိုက္ခမီမြို့မှာ ဇွန် ၅ ရက်က မိုးရေချိန် ၈ ဒသမ ၂၇ လက်မအထိ ရွာသွန်းခဲ့တာကြောင့် နှစ်ပေါင်း ၃၄ နှစ်အတွင်း စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်တုန်းက စံချိန်တင်ခဲ့တဲ့ မိုးရေချိန်လက်မဟာ ၈ ဒသမ ၁၅ လက်မဖြစ်ပြီး ဇွန် ၅ ရက်မှာတော့ ၈ ဒသမ ၂၇ နဲ့ စံချိန်တင်ခဲ့တာဖြစ်ပြီး စခန်းဖွင့်ပြီးတဲ့ ၄၂ နှစ်အတွင်း အများဆုံး ရွာသွန်းခဲ့တာပါ။
ကျိက္ခမီဒေသခံတဦးက “မေအကုန်ထဲက မုန်တိုင်းဝင်ထဲက စရွာတာ ခုထိကို မတိတ်သေးဘူး။ ရေကြီးတာတွေ ဘာတွေတော့ မရှိသေးပါဘူး။ မိုးဆက်တိုက်ရွာနေတော့လည်း အလုပ်လုပ်ရတာ အခက်အခဲ နည်းနည်းရှိတာပါပဲ” လို့ ပြောပါတယ်။
မွန်ပြည်နယ် အပါအဝင် တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၂ ရက်အတွင်း မိုးဆက်လက်ပိုနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။