ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်) မှာ ဇွန် ၆ ရက် ဒီနေ့မနက်အစောပိုင်းက Grade 6 ကျောင်းသား ၂ ဦး ခိုက်ရန်ဖြစ်ပြီး ခဲတံချွန်ဓားနဲ့ ထိုးခဲ့ရာမှ တဦးသေဆုံးခဲ့တယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
လေးထောင့်ကန် အထက်တန်းကျောင်းမှာ ဒီနေ့မနက် ၆ နာရီခွဲက Grade ကျောင်းသား ၂ ဦး မုန့်စျေးတန်းမှာ ရန်ဖြစ်ပြီး ကျောင်းသားတဦးက ခဲတံချွန်ဓားနဲ့ ထိုးလိုက်တာကြောင့် တဦးသေဆုံးခဲ့တယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
“ကျောင်းစတက်ကတည်းက ကလေး ၂ ယောက်က စကားများထားတာဖြစ်မယ်။ ဒီနေ့မနက် မုန့်စျေးတန်းတွေ့တော့ ကျန်တဲ့တယောက်က ပါလာတဲ့ ခဲတံချွန်ဓားနဲ့ထိုးတာ ပွဲချင်းပြီးပဲ သေသွားတယ်။”
စကားများရန်ဖြစ်ရာမှာ မောင်ကောင်းစည်သူက ခဲတံချွန်ဓားနဲ့ ထိုးတာကြောင့် မောင်ဇင်မင်းခန့် သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“ဘယ်ကနေစဖြစ်တယ်ဆိုတာ မသိဘူး။ ကလေးတယောက်သေတယ်၊ ဓားနဲ့ထိုးတဲ့ကလေးကို ရဲတွေက ကျောင်းကနေ လာဖမ်းသွားတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မောင်ကောင်းစည်သူကို တောင်ဒဂုံမြို့မရဲစခန်းက (ပ) ၅၈၇/၂၀၂၄ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ Grade 7 ကျောင်းသားအချင်းချင်း ရန်ဖြစ်ပြီး ကတ်ကြေးနဲ့ထိုးလို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။