ကုလအေဂျင်စီ UNRWA ရဲ့ ကျောင်းကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီကျောင်းမှာ ဟားမတ်စ်တွေရှိတယ်လို့ အစ္စရေးက ပြောပေမဲ့ ဂါဇာမီဒီယာတွေကတော့ စစ်ဘေးရှောင် ၂၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးရဲ့ ပြောဆိုချက်တွေကို ဟားမက်စ်အစိုးရမီဒီယာ ဒါရိုက်တာ အယ်သာဝက်တာက ငြင်းဆိုထားပြီး ဂါဇာအလယ်ပိုင်း နူဆီရက်မှာ ရှိတာက ယူအန်ရဲ့ ကျောင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ကတော့ လေကြောင်းစစ်ဆင်ရေးတွေ ပြုလုပ်တဲ့နေရာမှာ ပြည်သူတွေကို ထိခိုက်မှုတွေ လျှော့ချဖို့ မပြုလုပ်ခင်ကတည်းက သေချာစစ်ဆေးမှုတွေ လုပ်လေ့ရှိတယ် လို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစ္စရေးစစ်တပ်က ဂါဇာအလယ်ပိုင်းကို စစ်ဆင်ရေးအသစ်တွေ ပြုလုပ်မယ်လို့ ကြေညာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာပါ။
အစ္စရေးက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပြုလုပ်နေစဥ်အတွင်း ထိုးစစ်ဆင်မှုကို ရပ်ထားမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ ၂၀၂၃ အောက်တိုဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ၈ လကျော်လာပြီ ဖြစ်ပါတယ်။
အစ္စရေးဟာ နိုင်ငံမြောက်ပိုင်းမှာ ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၅ ရက်မှာ ပြောလိုက်ပါတယ်။
လက်ဘနွန်နဲ့နယ်စပ် အစ္စရေးမြောက်ပိုင်းကို ကိုယ်တိုင် သွားရောက်လည်ပတ်ချိန်မှာ ခုလိုပြောတာပါ။
နယ်စပ်နားက အစ္စရေးမြို့တွေ အများအပြားမှာ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းထားပြီးပါပြီ။ ဒီမြို့တွေဟာ လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာ စစ်သွေးကြွအုပ်စုက ဒရုမ်းတွေ၊ ဒုံးကျည်တွေနဲ့ မကြာခဏ ပစ်လွှတ်တာခံရတဲ့ ပစ်မှတ် ဖြစ်နေခဲ့တာပါ။
ဒုံးကျည်တွေကြောင့် အစ္စရေးမြောက်ပိုင်းတလွှားမှာ ဒီသီတင်းပတ်အတွင်း တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
ဂါဇာစစ်ပွဲနဲ့ပြိုင်တူ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ ကျန်ခဲ့တဲ့ ရှစ်လလုံးလုံး အပြန်အလှန် ပစ်ခတ်နေခဲ့တာပါ။ လက်နက်အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ရန်ဘက်တွေကြား ပိုကြီးတဲ့ ပဋိပက္ခတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
၂၀၀၆ ခုနှစ် စစ်ပွဲနောက်ပိုင်း အခုအချိန်မှာ အစ္စရေးနဲ့ ဟဇ်ဘိုလာတွေကြား ရန်လိုမှုက အဆိုးဆုံး အခြေအနေမှာ ရှိနေပြီး နယ်စပ် နှစ်ဖက်စလုံးမှာ ထောင်သောင်းချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
Source-Reuters