နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးတွေကို ဂုဏ်ပြုထောက်ပံ့ငွေ ရာသက်ပန် ပေးအပ်ချီးမြှင့်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဂုဏ်ပြုထောက်ပံ့ငွေအနေနဲ့ အာရှချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ လက်ရွေးစင်ဘောလုံးသမား ၁၁ ဦးကို တဦးလျှင် လစဉ် ကျပ် ၃ သိန်းနှုန်းထောက်ပံ့မှာဖြစ်ပြီး အရှေ့တောင်အာရှချန်ပီယံ ဖြစ်ခဲ့ဖူးသူ ၁၂ ဦးကိုတော့ တစ်ဦးလျှင် လစဉ် ကျပ် ၁ သိန်းနှုန်းနဲ့ ဧရာဝတီဖောင်ဒေးရှင်းက ရာသက်ပန် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
အာရှချန်ပီယံဆုနဲ့ အရှေ့တောင်အာရှ ချန်ပီယံဆုတံဆိပ်တွေကို ရယူပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက်ရွေးစင် ကစားသမားကြီးတွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာကျင်းပခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားမှာ ရွှေခေတ် လက်ရွေးစင် ကစားသမားကြီးတွေဖြစ်တဲ့ ဦးစိုးမြင့်နဲ့ ဂိုးသမား ဦးတင်အောင်တို့အပါအဝင် ကစားမားတချို့တက်ရောက်ခဲ့ကြပြီး ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတွေနဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၆၆ ခုနှစ်နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ အာရှချန်ပီယံဆု ရရှိခဲ့ဖူးပြီး အရှေ့တောင်အာရှ ချန်ပီယံဆု ရွှေတံဆိပ်တွေကိုတော့ ၁၉၆၅ ၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁ နဲ့ ၁၉၇၃ ခုနှစ်တွေမှာ ၅ ကြိမ်ရရှိခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာဘောလုံးအသင်းဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဆယ်စုနှစ်တွေနဲ့ ချီရှိနေပြီဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ တော့ အဆင့် ၁၆၇ နဲ့ ရပ်တည်နေပါတယ်။