ပြည်ပကနေ ခွင့်နဲ့ပြန်လာတဲ့အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ပြုလုပ်ရာမှာ မိသားစုထံ လွှဲပို့ထားတဲ့ငွေနဲ့ပတ်သက်တဲ့ ဘဏ်စလစ်မပြနိုင်ရင် ကတ်မထုတ်ပေးတော့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ OWIC ကတ်လုပ်မယ့် ခွင့်ပြန်အလုပ်သမားတွေဆီက အရင်က ဝင်ငွေခွန် ပေးဆောင်ထားတဲ့စလစ် တောင်းယူပြီး ဒီနေ့ကစလို့ မိသားစုဆီ ငွေလွှဲထားတဲ့ ဘဏ်စလစ် မပြနိုင်သူကို ကတ်လုပ်ပေးလို့မရဘူးဆိုပြီး ငြင်းဆိုခံရတာတွေရှိတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်တွေ့မြင်ခဲ့ရသူတဦးက “ဘဏ်စလစ်မပြနိုင်လို့ ပြန်သွားရတဲ့သူတွေ အများကြီး တွေ့ခဲ့ရတယ်။ တရားဝင်ညွှန်ကြားစာတော့ မတွေ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို လစဥ်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်ဘဏ်စနစ်ကနေ ပေးပို့ဖို့ ညွှန်ကြားထားတာ ရှိပါတယ်။
အဲဒီလို ညွှန်ကြားတာဟာ ပြည်ပရောက်လုပ်သားတွေဆီက နိုင်ငံခြားငွေရဖို့ ကြိုးစားတာဖြစ်ပြီး ရှောင်လွှဲနေတဲ့သူတွေကို အခုလို အကျပ်ကိုင်တဲ့သဘော ဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
မလေးရှားရောက်မြန်မာလုပ်သားတဦးက “ခွင့်ပြန်တွေကို အကျပ်ကိုင်နေတယ်ဆိုလို့ ပြန်မယ့်ကိစ္စတောင် ဆိုင်းထားရတယ်။ ကိုယ်ရတဲ့လုပ်ခ ကိုယ့်ဘာသာစုချင်လည်း စုထားမှာပေါ့။ မဖြစ်မနေကြီး လွှဲခိုင်းတာ မဖြစ်သင့်ဘူး"လို့ ပြောပါတယ်။
စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစားနိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူတွေကို OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ပြည်ပကနေခွင့်နဲ့ ပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ ပြန်လည်ထွက်ခွာလိုပါက OWIC ကတ် မဖြစ်မနေရှိဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
အဲဒီခွင့်ပြန် အလုပ်သမားတွေအတွက် OWIC ကတ်ကို မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ရှိ ရန်ကုန်တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။