စိတ်ကိုထိန်းချုပ်နိုင်တဲ့ မှိုတမျိုးက ပုစဉ်းရင်ကွဲတွေကို လိင်စိတ်လွန်ကဲတဲ့ ဖုတ်ကောင်တွေ အဖြစ် ပြောင်းလဲနိုင်တယ်လို့ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့ ဖီးလ်ဒ်ပြတိုက်မှ ပညာရှင်တွေက ပြောလိုက်ပါတယ်။
မက်စ်ဆိုစပိုရာ စီကာဒီနာလို့ခေါ်တဲ့ အဖြူရောင်မှိုဟာ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်အရွယ် ပုစဉ်းရင်ကွဲတွေကိုသာ ပစ်မှတ်ထားတာပါ။
ဖုတ်ကောင်မှိုလို့ ခေါ်တဲ့ ဒီမှိုဟာ အီလီနွိုက်ပြည်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်းတလွှားက ပုစဉ်းရင်ကွဲတွေကို ကူးစက်ခဲ့ပြီး အခုတော့ ချီကာဂိုဝန်းကျင်အထိ ရောက်လာပါပြီ။
ပုစဉ်းရင်ကွဲ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကူးစက်ခံရတာပါလို့ ချီကာဂိုမြို့ ဖီးလ်ဒ်ပြတိုက်က လက်ထောက် ဂျင်မ် လောက်ဒါမဲန်က ပြောပါတယ်။
မှိုရဲ့ မျိုးပွားနိုင်တဲ့ အမှုန်တွေဟာ ပုစဉ်းရင်ကွဲရဲ့ ဗိုက်က အဆစ်အပိုင်း ၃ ခုပေါ် ကျအပြီး ဗိုက်နဲ့ မျိုးပွားအင်္ဂါတွေထဲကို အစားထိုး ဝင်ရောက်ခဲ့တဲ့အပြင် အင်းဆက်ရဲ့ နောက်ကျောမှာ တွဲလောင်းကျနေတဲ့ မှိုမျိုးမှုန်အိတ် ဖြစ်သွားခဲ့တာပါ။
အဲဒီအိတ်က အင်းဆက်ရဲ့ ကိုယ်ပေါ်ကနေ ပြုတ်ကျချိန်မှာ မျိုးပွားအင်္ဂါပါ တခါတည်း ကပ်ပါသွားတဲ့အတွက် ပုစဉ်းရင်ကွဲဟာ မိတ်လိုက်တာ မလုပ်နိုင်တော့ပါဘူး။
ဒီအဖြူရောင် မှိုမျိုးမှုန်အိတ်ဟာ တခြား ပုစဉ်းရင်ကွဲတွေကို မှိုတွေ ထပ်ကူးစက်အောင် အလုပ်လုပ်နိုင်တယ်လို့ လောက်ဒါမဲန်းက ဆက်ပြောပါတယ်။
ကူးစက်ခံ ပုစဉ်းရင်ကွဲတွေဟာ လိင်စိတ် အလွန်အမင်း ပြင်းထန်လာပြီး တခြား တွေ့တဲ့ ပုစဉ်းရင်ကွဲတွေနဲ့ မိတ်လိုက်ချင်လာတယ်၊ မိတ်လိုက်ဖို့ ကြိုးစားချိန်မှာ မှိုတွေ ထပ်ပျံ့နှံ့ ကူးစက်ကုန်တယ်လို့ သူက ဆက်ပြောပါတယ်။
ကံကောင်းစွာနဲ့ ဒီမှိုတွေဟာ အီလီနွိုက်ပြည်နယ်က ပုစဉ်းရင်ကွဲတွေကိုသာ ကူးစက်နေပြီး လူတွေကို မကူးစက်ဘူးလို့လည်း သူကပြောပါတယ်။
ပုစဉ်းရင်ကွဲတွေကြောင့် ဖုတ်ကောင်ကပ်ဘေးကြီး ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပုစဉ်းရင်ကွဲတွေကို ဖုတ်ဝင်သလို ဖြစ်စေတဲ့ ဒီမှိုတွေဟာ ပုစဉ်းရင်ကွဲတွေကလွဲလို့ တခြား ဘယ်အပေါ်ကိုမှ မကူးစက်နိုင်ဘူးလို့ လောက်ဒါမဲန်းက ပြောခဲ့ပါတယ်။
Source-Reuters