Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများမလာသဖြင့် မိသားစုဝင် ၂၀ ကျော်ကို ဖမ်းဆီး
DVB
·
June 6, 2024
SAC AyeYarWaddy_06062024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ မလာလို့ဆိုပြီး မိသားစုတွေ အဖမ်းခံရတာ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေက သာပေါင်း၊ ရေကြည်၊ အသုတ်၊ ဟင်္သာတ၊ မအူပင်၊ ဇလွန်၊ ပုသိမ်၊ ကျိုက်လတ်၊ ကျောင်းကုန်း၊ လပွတ္တာ၊ ဟိုင်းကြီးကျွန်း၊ ကျုံပျော်၊ ဖျာပုံ စတဲ့မြို့နယ်တွေကလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာ အယောက် ၂၀ ကျော်လို့ပဲ သိရတယ်။ စစ်မှုထမ်း ဆင့်ခေါ်တယ်၊ ဆင့်ခေါ်ခံရတဲ့သူက မလာတော့ အိမ်မှာရှိတဲ့ အစ်ကိုရှိရင် အစ်ကို၊ ညီရှိရင် ညီဖမ်းတာ။ အဖေရှိရင်လည်း အဖေအဖမ်းခံရတာပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ မလာတာကြောင့်ဆိုပြီး အဖမ်းခံရသူ အယောက် ၂၀ ထက် မနည်းမှာ အဖေဖြစ်သူ အသက် ၅၀ နဲ့ ၆၀ အရွယ်ရှိသူတွေ အများဆုံး အဖမ်းခံထားရတယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့ခံတယောက်က “မော်လမြိုင်ကျွန်းဘက်မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စနဲ့ တော်တော်ဆိုးဆိုး ဖိအားပေးလုပ်တာ။ ကောင်လေး တယောက်ဆို ဆင့်ခေါ်စာမလာခင်ကတည်းက မိန်းမခိုးသွားတာကို စစ်မှုမထမ်းချင်လို့ ရှောင်တာဆိုပြီး ကျေးရွာအုပ်ကြီးက စစ်ကောင်စီတပ်ကို တင်ပြလိုက်လို့ အိမ်မှာရှိနေတဲ့ အသက် ၆၀ ကျော် အဖေ အဖမ်းခံရတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရသူတွေကို စစ်ကောင်စီတပ်က စစ်ကြောရေးတွေမှာထားပြီး ဆင့်ခေါ်ခံရသူတွေလာမှ လူချင်းလဲပေးမယ်လို့ ပြောဆိုဖမ်းဆီးထားပြီး သတ်မှတ်ရက်ထဲ ပြန်လာပြီး လူချင်းလာမလဲရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်း လူစားထိုးစရိတ်ဆိုပြီး အရပ်သားတွေဆီကနေ လူတယောက်စာအတွက် ၇၅ သိန်းအထိ တောင်းယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - Kyaw Min

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013