ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာသူတွေနဲ့ တောင်ကိုရီးယားက တက်ကြွလှုပ်ရှားသူတွေဟာ ဇွန် ၆ ရက်မှာ ပြုံယမ်းကို ဆန့်ကျင်တဲ့ စာတိုတွေပါတဲ့ လက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတဲ့ မီးပုံးပျံတွေကို လွှတ်တင်ခဲ့ကြကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။
မီးပုံးပျံ ၁၀ လုံးထဲမှာ လက်ကမ်းစာစောင် အရွက် ၂ သိန်း၊ ဒေါ်လာ ၂၀၀၀ ဖိုးရှိ တဒေါ်လာတန် ငွေစက္ကူတွေနဲ့ K-pop တေးဂီတနဲ့ ဒရာမာရုပ်ရှင်တွေပါရှိတဲ့ USB ဒရိုက်ဗ်တွေ ထည့်သွင်းထားပြီး အဲဒီမီးပုံးပျံတွေကို နယ်စပ်မြို့ ဖိုချွန်းကနေ တင်လွှတ်လိုက်ကြောင်း ဘက်ပြောင်းအုပ်စုတွေက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဘက်က တောင်ဘက်ကို အမှိုက်တွေထည့်ထားတဲ့ မီးပုံးပျံတွေ လွှတ်တင်ခဲ့ပြီးနောက်မှာ တောင်းပန်မှုမလုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အဲဒီအဖွဲ့က ရှုတ်ချခဲ့ပြီး သူတို့ရဲ့ပြည်သူ သန်း ၅၀ အတွက် အဆိုးရွားဆုံး ဂုဏ်သိက္ခာကျဆင်းရမှုနဲ့ အရှက်ရမှုကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ နယ်စပ်ဖြတ်ကျော်ပြီး အမှိုက်မီးပုံးပျံတွေကို တောင်ကိုရီးယားဆီ ပေးပို့တာကို ရပ်တန့်မယ်လို့ ဇွန် ၂ ရက်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို တောင်ဘက်ကနေ လွှတ်တင်မှု ထပ်လုပ်ရင် သူတို့ဘက်ကလည်း မီးပုံပျံတွေမှာ အမှိုက်တွေတင်ပြီး ပြန်လွှတ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်ဖြတ်ကျော် လေ့ကျင့်ရေးအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန် တိုက်လေယာဉ်တွေနဲ့အတူ အမေရိကန်ရဲ့ B-1 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစီးလည်း ဇွန် ၅ ရက်က ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
ဘန်ကာတွေကိုပါ ဖောက်ခွဲပစ်နိုင်တဲ့ ခဲယမ်းမီးကျောက်တွေပါတဲ့ ပဲ့ထိန်းလက်နက် တခုကိုလည်း ကြဲချခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တင်းမာမှု ပြေလျော့စေရေးနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်မလာအောင် ဟန့်တားရေး ၂၀၁၈ စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့အပြီး မြောက်ကိုရီးယားနဲ့ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုတွေ ပြန်စနေပြီလို့ တောင်ကိုရီးယားက ပြောအပြီး နောက်တနေ့မှာ ခုလို လေ့ကျင့်ခဲ့တာပါ။
တိကျတဲ့ တိုက်ရိုက်ပစ်ခတ်မှုစွမ်းရည်ကို လေ့ကျင့်တဲ့ JDAM လို့ခေါ်တဲ့ တိုက်ရိုက် တိုက်ခိုက်မှု ပူးတွဲလေ့ကျင့်ရေးကို ကိုရီးယားကျွန်းဆွယ် ပတ်လည်မှာ ၇ နှစ်အတွင်း ပထမဆုံး လေ့ကျင့်ခဲ့တာလို့လည်း ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အလွတ်ကျဆင်းလာတဲ့ ပဲ့ထိန်းစနစ်မပါတဲ့ ဗုံးတွေကိုပါ ပဲ့ထိန်းဗုံးဖြစ်အောင် ပြောင်းတဲ့စနစ်ကို သုံးခဲ့တယ်၊ BLU-109 ဖောက်ထွင်းထိပ်ဖူးကို ပဲ့ထိန်းစနစ်နဲ့ ထိန်းချုပ်ရေး စနစ်တို့ကို သုံးပြီး အတိအကျ ပစ်ခတ်နိုင်တဲ့ ခဲယမ်းမီးကျောက်ဖြစ်အောင် အသွင်ပြောင်းယူခဲ့တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။
လေ့ကျင့်ပျံသန်းတဲ့ နေရာအတိအကျကိုတော့ ဝန်ကြီးဌာနက မပြောခဲ့ပါဘူး။
တောင်ကိုရီးယားရဲ့ F-15K တိုက်လေယာဉ်တွေလည်း B-1 ဗုံးကြဲယာဉ်နဲ့အတူ ပျံသန်းခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စတဲ့လ်သ် ကိုယ်ပျောက်တိုက်လေယာဉ် F-35 နဲ့ F-16s ဂျက်လေယာဉ်တွေလည်း ပါဝင်လေ့ကျင့်ခဲ့တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေ ပြန်စတာဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ အမှိုက်တွေ ချိတ်ပေးလိုက်တဲ့ မိုးပျံဘောလုံး ရာချီကို လွှတ်တင်ခဲ့တာအတွက် တုံ့ပြန်တာပါ။
ဒါဟာ လက်သင့်မခံနိုင်တဲ့ ကျူးကျော်ရန်စမှုဖြစ်လို့ စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ဖို့ကလွဲပြီး ရွေးစရာ မရှိဘူးလို့ တောင်ကိုရီးယားက ပြောခဲ့ပါတယ်။
Source-Reuters