တနင်္သာရီတိုင်း မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးမှာ ရွှေဆိုင်ဖွင့်ဖို့လာတဲ့ ပိုင်ရှင်မိဘတွေဆီကနေ သားဖြစ်သူမှ ရွှေထုပ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ဇွန် ၆ ရက် မနက်၇ နာရီလောက်က ဆိပ်ငယ်ဈေးကြီးထဲရှိ ဟိုက်ပါဂရိတ် အမည်ရ ရွှေဆိုင်မှ ပိုင်ရှင်လင်မယား ၂ ဦးမှာ ဆိုင်ဖွင့်ဖို့ ရွှေထုပ်ကို သယ်လာချိန် ဆိုင်ကယ်မောင်းနှင်လာတဲ့ သားဖြစ်သူကနေ ရွှေထုပ်လုယက်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတဦးက ပြောပါတယ်။
မြို့ခံတဦးက “ရွှေဆိုင်ဖွင့်ဖို့ လင်မယားနှစ်ယောက်က ဆိုင်ကယ်နဲ့ လာတဲ့အချိန်မှာ သူက ဆိုင်ကယ်ဦးထုပ်အပြည့်နဲ့ မောင်းလာပြီး မျက်နာကို ငရုတ်သီးမှုန့်နဲ့ပစ်ပြီးတော့ ရွှေထုပ် လုယက် တာပါ။ သူက အရင်တည်းက မူးယစ်ဆေးတွေ သုံးတယ်တဲ့။ အထဲမှာ ရွှေသား ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူ့မိဘဟာတွေဆိုတော့ လုယက်ရဲတာနေမှာပါ” လို့ ပြောပါတယ်။
ရွှေထုပ်လုယက် ထွက်ပြေးသူမှာ ဟိုက်ပါဂရက်ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်နဲ့ ဒေါ်မြစန်းတို့ရဲ့သား အသက် ၄၀ အရွယ် စိုးဝင်းမောင် ဆိုသူဖြစ်ပြီးတော့ အိမ်ထောင်သည်တဦးဖြစ်ကာ လတ်တလော အလုပ်အကိုင်မရှိသေးတဲ့သူတဦး ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုစိုးဝင်းမောင်မှာ ရွှေထုပ် လုယက်ထွက်ပြေးခဲ့ပြီးနောက် မနက် ၈ နာရီခွဲကျော်လောက်မှာ မြိတ်မြို့နယ်ထဲက ကြေးနန်းတိုင်ဂိတ်ရှိ စစ်ကောင်စီတပ်ကနေ သေနတ်နဲ့အသေ ပစ်သတ်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
နီးစပ်သူတဦးက “သားအကြီးတယောက်က စစ်ဗိုလ်လေ။ သူကပဲ လမ်းတွေမှာရှိတဲ့ စစ်သားတွေကို အဆက်အသွယ်လုပ်ပြီး ပစ်မိန့်ပေးခိုင်းတာတဲ့” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၄၀ အရွယ် ကိုစိုးဝင်းမောင်ရဲ့အလောင်းအား ခုံမော်ကျေးရွာမှာ ထားရှိပြီးနောက် မြိတ်မြို့ကို ပြန်လည်သယ်ဆောင်လာပြီးလို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း မြိတ်မြို့မှာ ကုန်စျေးနှုန်း အဆမတန်မြင့်မားလာတာနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ခိုးယူလုယက်မှုတွေ ဆက်တိုက် များပြားလာပြီး နေ့ဘက်တွေမှာတောင် နေအိမ်တွေအတွင်း အကြမ်းဖက် ဝင်ရောက်လုယက်မှုတွေ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။