Home
မြန်မာသတင်း
VPN ဖြင့် လူမှုကွန်ရက်အသုံးပြုမရစေရန် ဆက်သွယ်ရေးက ညွှန်ကြားထား
DVB
·
June 6, 2024

မြန်မာပြည်တွင်းမှာ လူသုံးများတဲ့ VPN တွေနဲ့ လူမှုကွန်ရက်တွေ အသုံးပြုလို့မရအောင် အော်ပရေတာတွေကို စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ စုံစမ်းသိရပါတယ်။

လူထုအကြား အသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်တဲ့ facebook ၊ messenger ၊ twitter နဲ့ instagram တို့ကို ဖုန်းဒေတာ၊ ဝိုင်ဖိုင်တို့ သုံးပြီး အသုံးမပြုနိုင်အောင် စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖုန်းအော်ပရေတာကုမ္ပဏီတွေထံကို  ညွှန်ကြားထားဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ facebook အသုံးပြုမှုကို မြန်မာတနိုင်ငံလုံး ပိတ်ပင်ထားခဲ့ပေမဲ့ အများပြည်သူလူထုက VPN တွေနဲ့ ကြားခံ အသုံးပြုလို့ ရနေတာဖြစ်ပါတယ်။ 

၂၀၂၄ မေလအတွင်းမှာတော့ VPN တွေကိုပါ ပိတ်ဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာဖြစ်ပါတယ်၊ လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် မိုင်တဲ ၊ MPT ၊ အော်ရီဒူးနဲ့ ATOM စတဲ့ အော်ပရေတာတွေ အားလုံးကို လူမှုကွန်ရက်တွေအသုံးမပြုနိုင်အောင် ညွှန်ကြားထားတယ်လို့ MyTel ရဲ့ customer service က ဖြေကြားပါတယ်။

“Facebook ၊ messenger ၊  instagramရယ် twitter ရယ်က ပို့ဆောင်ဆက်သွယ်ရေးကလေ။ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ပိတ်ထားတာ ဖြစ်ပါတယ်နော်၊။ ပို့ဆောင်ဆက်သွယ်ရေးက ပိတ်ထားတာ ဖြစ်တဲ့အတွက် အော်ပရေတာ အကုန်လုံးပိတ်ထားတာ ဖြစ်တယ်နော်။”

တခြားသော အော်ပရေတာတွေဖြစ်တဲ့ MPT နဲ့ အော်ရီဒူးကတော့ VPN error သာဖြစ်တယ်လို့ ဖြေကြားပါတယ်။

တဖက်မှာလည်း လူသုံးများတဲ့ VPN တွေကို တရုတ်နိုင်ငံကပညာရှင်တွေနဲ့ မြန်မာနိုင်ငံ နည်းပညာကုမ္ပဏီတခုတို့ ပူးပေါင်းပြီး ပိတ်ပင်ထားတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိအချိန်ထိ VPN ပြဿနာတွေ ရှိနေပြီး လူမှုကွန်ရက်တွေ ပုံမှန်အတိုင်း အသုံးပြုလို့ မရသေးဘူးလို့ အင်တာနက် အသုံးပြုသူတဦးက  ပြောပါတယ်။

“VPN တွေ သုံးလေးခုလောက် ချိန်းပြီး ခဏသုံးကြည့်တာတောင် တကယ်တမ်းက အင်တာနက်ပေါ် မူတည်ပြီး အလုပ်မလုပ်တဲ့သူ၊ အပျင်းပြေဖုန်းသုံးရုံလောက်ဆို ခဏတဖြုတ်ရတယ်ပြတ်သွားတယ်။ အခုက Facebook ဖေ့စ်ဘွတ်ဆို ဗီဒီယိုလည်း သုံးလို့ မရဘူးဓာတ်ပုံဆိုလည်း ဒီတိုင်းတွေ့ရလို့ ဖွင့်ကြည့်ရင် မမြင်ရတော့ဘူး သတင်းတွေ ဘာတွေကျရင်တော့ တယ်လီဂရမ်ကနေ VPN ပိတ်လိုက်ရင်တော့ ရတယ်။”

စစ်ကောင်စီက လူမှုကွန်ယက်တွေနဲ့ VPN တွေကိုထိန်းချုပ်ပိတ်ချလိုက်ပြီးတဲ့ နောက်မှာတော့ facebook လိုအသုံးပြုနိုင်တဲ့ Myspace လို့ခေါ်တဲ့ အက်ပလီကေးရှင်းတခုကို မေ ၃၀ မှာ မိတ်ဆက်လာပါတယ်။

မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ တော်လှန်ရေးအင်အားစုတွေနဲ့ လူထုရဲ့ တပြိုင်နက် ဆန့်ကျင်တာတွေကြောင့် play store နဲ့ apple store တွေကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ မူရင်း ဝက်ဆိုဒ်မှာတော့ရှိနေဆဲဖြစ်တာကိုတော့ တွေ့ရပါတယ်၊

စစ်ကောင်စီက VPN တွေကို တခုချင်းစီ ပိတ်တာမျိုးမဟုတ်ပဲ internet service provider- ISP Protocol ကနေတဆင့်ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့် ၃ လ ကနေ ၆ လ အတွင်းမှာ လုံးဝထိန်းချုပ်သွားနိုင်ဖွယ်ရှိတယ်လို့ နည်းပညာကျွမ်းကျင်သူတဦးက ပြောပါတယ်။

ခြေရာခံနိုင်တဲ့ AI စနစ်မျိုး ထည့်သွင်းထားနိုင်တာကြောင့် အသုံးပြုသူရဲ့ အချက်အလက်တွေ ပါသွားနိုင်ပြီးလုံခြုံမှုမရှိတဲ့အတွက် စစ်ကောင်စီရဲ့ Myspace အက်ပလီကေးရှင်းကိုလည်း ကိုယ့်ရဲ့ ဖုန်းတွေထဲ မထည့်သွင်းကြဖို့ သတိပေးပြောပါတယ်။

အခုလို လူမှုကွန်ယက်အသုံးပြုမှုတွေကို စစ်ကောင်စီ ထိန်းချုပ်နေတာက ၂၀၁၉ ခုနှစ်က စစ်ခေါင်းဆောင်ရေးဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို အသက်သွင်းဖို့ ကြိုးစားနေ တာဖြစ်နိုင်ပြီး အဲဒီမူကြမ်းထဲမှာ VPN အသုံးပြုရင် ထောင် ၁ နှစ်ကနေ ၃ နှစ်အထိကျခံရမယ် ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရဖို့ ပါရှိတယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013