Home
မြန်မာသတင်း
မင်းကင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀ ခန့်ပျက်စီး
DVB
·
June 6, 2024
ဇွန် ၃ ရက်က စစ်တပ်ကဗုံးကြဲတာကြောင့် ပျက်စီးသွားတဲ့ မတောရွာ နေအိမ်အချို့
ဇွန် ၃ ရက်က စစ်တပ်ကဗုံးကြဲတာကြောင့် ပျက်စီးသွားတဲ့ မတောရွာ နေအိမ်အချို့
ဇွန် ၃ ရက်က စစ်တပ်ကဗုံးကြဲတာကြောင့် ပျက်စီးသွားတဲ့ မတောရွာ နေအိမ်အချို့

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၆ ရက် မနက် ၃ နာရီကျော်က စတင်ကာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ ကိုခန့်ဝင်းက “လေကြောင်းကနေ မနက်အစာကြီး လာပစ်သွားတာဗျ။ ပစ်တာက ၂ ကြိမ် ပစ်တာပေါ့။ ပထမအကြိမ်က ဗုံးသီး ၂ လုံးချတယ်၊ ဒုတိယအကြိမ်က ၅ လုံးချတယ်။ ပထမ ၂ လုံးချတာက ၂ လုံးစလုံး ပေါက်ကွဲတယ်။ ဒုတိယအကြိမ် ၅ လုံးက ၄ လုံးပေါက်ကွဲပြီး တလုံးက မပေါက်ကွဲဘူးဗျ။ ဘာကြောင့် အခုလို လာတိုက်ခိုက်တာလဲဆိုတော့ ပျဉ်းကိုင်းဆေးရုံမှာ ဇွန်လ ၃ ရက်နေ့က မတောရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ပြီး ဒဏ်ရာရတဲ့ လူနာတွေ ဆေးကုနေတယ်ထင်ပြီး လာကြဲတာဖြစ်မယ်ဗျ။ အမှန်က ကျနော်တို့ အဲဒီဆေးရုံမှာ ဘယ်လူနာမှ မရှိဘူးဗျ။ ဗုံးကြဲချလို့ ရွာထဲကအိမ်ကတော့ ၂၀ နီးပါးလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါ ပျဉ်းကိုင်းရွာကို ပြီးခဲ့တဲ့ ဇွန် ၅ ရက် မနက် ၃ နာရီကလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း၊ မင်းကင်းမြို့နယ်မှာ ဇွန်လအတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်အထိရှိနေပြီး အရပ်သားပြည်သူ ၃၀ အထိ သေဆုံးကာ ဒဏ်ရာပြင်းထန်ရထားသူတွေ 

အပါအဝင် အသေးစားဒဏ်ရာရရှိသူ ၅၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒဏ်ရာပြင်းထန် ရထားသူတွေထဲက အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေတာကြောင့် သေဆုံးသူစာရင်း အတိအကျကိုတော့ DVB အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

မင်းကင်းဒေသခံ ပြည်သူကာကွယ်ရေးရဲဘော်တဦးက “မနေ့က ဇွန် ၅ ရက်ကလည်း ရွာကို လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲသွားတော့ ရွာသားတွေက ရွာထဲမှာ မနေကြတော့ဘူး။ ရွာထဲကလူတွေ ရွာအပြင် ထွက်ပြေး‌နေကြတယ်။ အဲလို ထွက်ပြေးနေလို့ ဒီနေ့မနက်ခင်း လာဗုံးကြဲတော့ လူအထိအခိုက် မရှိတာ အစ်ကိုရေ။ ရွာထဲသာ လူနေထိုင်ခဲ့မယ်ဆိုရင်တော့ မတွေးရဲစရာပါပဲဗျ” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနောက်မြောက်တိုင်းအတွင်းက ချင်း၊ စစ်ကိုင်း၊ မကွေးက ဘာသာရေးအဆောက်အအုံ ၇၁ ခု၊ စာသင်ကျောင်း ၄၆ ခုနဲ့ ဆေးရုံ ၁၉ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အချက်အလက်ဟာ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကွာဟချက် အနည်းငယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024