Home
မြန်မာသတင်း
သံတွဲလေဆိပ်နားအထိ တိုက်ပွဲများဖြစ်လာ၊ ဆင်ခေါင်းတရွာလုံးနီးပါး ထွက်ပြေး
DVB
·
June 6, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊  ဆင်ခေါင်းကျေးရွာကို  စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်ခဲ့လို့ ရွာသားတွေ ဆယ်ချီ ထိခိုက်သေဆုံးပြီးနောက် တရွာလုံးနီးပါး ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်အနီး ဒေါ်မြရွာနားမှာ ဧပြီလကစတင်ခဲ့တဲ့ သံတွဲတိုက်ပွဲဟာ ဇွန်လထဲမှာတော့ မြို့နဲ့ ၇ မိုင်အကွာ၊ သံတွဲလေဆိပ်နားက ဂေါ့တောင်ဝန်းကျင်အထိ ရောက်လာခဲ့ပါတယ်။

ဇွန် ၂ ရက်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ စစ်သင်္ဘောအပြင် လေကြောင်းကနေပါ ဇွန် ၄ ရက်အထိ ပစ်ခတ်ခဲ့လို့ ဒေသခံ ဆယ်ချီ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲဒေသခံတဦးက “တချို့တွေ ဘာမှတောင်မယူခဲ့ရဘူး။ ကျနော်တို့လည်း ဘာမှမပါ ဒီတိုင်း ပြေးလာရတာ။ အဝတ်အစားတွေဘာတွေ အိမ်မှာသွားပြီး ယူတာ သူတို့တွေက လေယာဉ်နဲ့လာပြီး ပစ်လိုက်တာ။ လေယာဉ်က ဗုံးကြဲချလိုက်တာ။ အဲမှာ ၁၆ ယောက် တခါတည်းသေသွားတာ။ အဲနေ့တည်းက ဘယ်သူမှမဝင်ရဲတာ ရွာထဲကို။ ဘာဆို ဘာမှမပါ၊ တချို့တွေလည်း ဖုန်းတွေလည်း မပါတဲ့သူတွေ အများကြီးပဲ။ အိမ်က ပိုက်ဆံလည်း မယူလာခဲ့ရ ဘာလဲမယူလာခဲ့ရတာတွေလည်း ရှိတယ်။  အဝတ်တစုံ ကိုယ်တခုနဲ့ ဒီတိုင်းပြေးလာရတာ” လို့ ပြောပါတယ်။

ရွာခံတွေ ထွက်ပြေးနေရတဲ့အပြင် ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရတာကြောင့် DVB အနေနဲ့ ဒေသခံ ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဆင်ခေါင်းရွာခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ ရွာတွေနဲ့ မြို့တွေဆီ ထွက်ပြေးခဲ့ကြရပြီး တောတောင်တွေထဲ ထွက်ပြေးသူတွေလည်း ရှိနေပါတယ်။

နောက်ထပ် ဆင်ခေါင်းရွာသူတယောက်ကလည်း ၃ ရက်နေ့လောက်ကတည်းက တောထဲကို ထွက်ပြေးလာရလို့ လူနဲ့အိမ်ခြေ ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဇွန် ၆ ရက် မနက်ပိုင်းထိ တောတောင်ထဲမှာ ရွာခံရာဂဏန်းလောက် ရောက်ရှိနေပြီး အခုဆို ရိက္ခာပြတ်လပ်နေပြီလို့ ပြောပါတယ်။

ဆင်းခေါင်းရွာက စစ်ရှောင်အမျိုးသမီးတဦးက “ရွာထဲမှာမဟုတ်ဘူး အခုက။ တောထဲရောက်နေပြီ။ စားသောက်စရာတွေကတော့ ဘာပါလို့လဲ။ အဝတ်တထည် ကိုယ်တခုနဲ့ လာရတဲ့ဟာကြီးကို။ ဟိုက တောင်းစား၊ ဒီကတောင်းစားပေါ့။ မျှစားနေကြတာ။ မငတ်ယုံတမယ်ပေါ့။ ရက်ရှည်ရင်တော့လည်း ငတ်ဖို့ပေါ့။ ပြန်ယူဖို့က ဘယ်သူသွားဝံ့လို့တုန်း အစ်ကိုရေ။ ဘာလည်းမရှိဘဲနဲ့ လေယာဉ်ကလာပြီး ချသွားတာ။ ခုမနက်တော့ ဘာသံမှမကြားသေး။  ဟိုနေရာတခု ဒီနေရာတခု ခွဲနေရတာပေါ့။ လူလည်းမလာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ တောင်းစားနေရတာပေါ့” လို့ ပြောပါတယ်။

အခြေစိုက်စခန်းအနေနဲ့ကတော့ သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၅၅၊ ခမရ ၅၆၆ တပ်ရင်း ၂ ခုနဲ့ ရေတပ်တခုရှိပြီး စစ်တပ်က သံတွဲလေဆိပ်မှာလည်း တပ်အင်အားဖြည့်ကာ ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေဟာ သံတွဲမြို့နဲ့ ၇ မိုင်အကွာထိ ရောက်ရှိလာပြီး ဇွန်လ ၆ ရက်နေ့၊ မနက်ပိုင်းမှာ တိုက်ပွဲငြိမ်နေပေမဲ့ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေသေးသလို လေကြောင်းကနေ တောက်လျှောက် ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးသလို အာရက္ခတပ်တော် (AA) ဘက်ကလည်း တစုံတရာပြောဆိုတာ မရှိသေးပါဘူး။

၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရဆိုရင် ဆင်ခေါင်းကျေးရွာအုပ်စုထဲမှာ အိမ်ထောင်စု ၁,၀၀၀ ကျော် လူဦးရေအနေနဲ့ဆို ၈,၀၀၀ ကျော် နေထိုင်ကြပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013