ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာ လှည်းတန်းကုန်း တံတားအောက်နံရံကို သြဂုတ် ၂၈ ရက် ညက ယာဥ်တစီး အရှိန်လွန် ဝင်တိုက်ခဲ့တာကြောင့် ၂ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေထံက သိရပါတယ်။
အမှတ် ၃ ရပ်ကွက်ရှိ ခိုင်ရွှေဝါမှတ်တိုင်အနီးက လှည်းတန်းကုန်းတံတားအောက်က နံရံကို မနေ့ ည ၁၁ နာရီလောက်က Honda Fit အမျိုးအစား မော်တော်ယာဥ်တစီး ဝင်တိုက်မိတာပါ။
လှည်းတန်းပရဟိတအသင်းဝင်တယောက်က “ကားပေါ်ပါတဲ့ ၅ ယောက်စလုံးက အမျိုးသားတွေချည်းပဲ။ အရက်မူးပြီး အရှိန်နဲ့မောင်းလာတော့ တံတားအောက်က နံရံကို ဝင်တိုက်တာပါ။ ယာဥ်မောင်းဘေးက တယောက်နဲ့ နောက်ခန်းက တယောက် ပွဲချင်းပြီးဆုံးတယ်။ ယာဥ်မောင်းလည်း စိုးရိမ်ရတဲ့အခြေအနေပါ” လို့ ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို အနာဂတ်အလင်းတန်း(စမ်းချောင်း) ပရဟိတအဖွဲ့၊ စမ်းချောင်းအရန်မီးသတ်၊ ရတနာအောင်ပရဟိတအသင်းနဲ့ လှည်းတန်း ပရဟိတအသင်းတို့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၃ ရက်ကလည်း အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းဈေးမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကို ကားတစီးဝင်တိုက်ခဲ့ရာက ကားစောင့်နေသူ ၃ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။