မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ(ရွာသစ်)၊ ကော့ကရင်လမ်းမှာ ဧပြီ ၁၄ ရက် ညနေက ရထားနဲ့ ဟိုက်ဂျက်ကား တိုက်မိခဲ့တာကြောင့် တဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ(ရွာသစ်)၊ ကော့ကရင်သွား ရထားလမ်းကူးမှာ မနေ့ညနေ ၃ နာရီခွဲအချိန်က ဟိုက်ဂျက်ကားနဲ့ အမှတ် ၈၁ အစုန် ရန်ကုန် - မော်လမြိုင် လူစီးရထားတို့ တိုက်မိရာက ကားပေါ်ပါလာသူတဦးသေဆုံးခဲ့ပြီး ၉ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပေါင်မြို့စိတ္တသုခလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
"ဟိုက်ဂျက်ကားက ဟိန္ဒူဘုရားကျောင်းသွားဖို့ ရထားလမ်းကို ဖြတ်တဲ့အချိန် ဖြစ်သွားတာပါ။ ကားက ပေ ၅၀၀ လောက်ကို တရွတ်တိုက်ကြီး ပါသွားတာ။ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတော့ ကျနော်တို့အသင်းက မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်" လို့ပြောပါတယ်။
ရထားနဲ့ ကားတိုက်မိမှုကြောင့် ကားပေါ် လိုက်ပါလာသူ အသက် ၅၁ နှစ်အရွယ်ရှိ အမျိုးသမီးတဦး နေရာမှာတင် သေဆုံးခဲ့ကာ ယာဉ်မောင်းနဲ့ အမျိုးသမီး ၈ ဦးတို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ယာဥ်မောင်းဖြစ်သူကို ပေါင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်ကလည်း ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ တောင်ကလေး - သဘက်ဆွဲမီးရထားလမ်းပိုင်းမှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ မော်လမြိုင် - ရန်ကုန် ရထားနဲ့ ဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းလာသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo - စိတ္တသုခလူမှုကူညီရေးအသင်း