ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ပင်းတယလမ်းပေါ် လှည်းရိုးစာသင်ကျောင်းအနီးမှာ ဒီနေ့ ဩဂုတ် ၁၁ ရက်မနက်ပိုင်းက ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကူညီပေးခဲ့သူတယောက်က “ဘေးနားက မျက်မြင်တွေပြောတာက ဆိုင်ကယ် မောင်းတာလည်း မြန်တယ်။ အကွေ့လည်းဖြစ်တော့ မျက်နှာချင်းဆိုင်ဝင်တိုက်တာ။ ကျနော်တို့ရောက်တော့ ဆိုင်ကယ်မောင်းသူက အသက်မရှိတော့ပါဘူး” လို့ ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက အောင်ပန်းဆေးရုံ ရင်ခွဲရုံဆီ ပို့ပေးထားပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတာကြောင့် မိသားစုနဲ့ အဆက်အသွယ်မရသေးသလို မသင်္ဂြိုဟ်ရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ကလည်း အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက် အိုးစည်အနီး လမ်းမမှာ ကားနဲ့ဆိုင်ကယ်တိုက်မိလို ဆိုင်ကယ်မောင်းသူအမျိုးသား သေဆုံးပြီး တိုက်သွားတဲ့ကားလည်း မောင်းပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။