ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်းမှာ ဧပြီ ၇ ရက် ညနေ ၆ နာရီ ၂၅ မိနစ်လောက်က ကားလေးစီးတိုက်မှုဖြစ်ပွားခဲ့ပြီး လူလေးဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
တောင်ကြီးကနေ အေးသာယာဘက်ကို အဆင်းလမ်းအတိုင်း မောင်းနှင်လာတဲ့ ဒေါင်ဖန်းအမျိုးအစား ၂၂ ဘီး ကျောက်မီးသွေးတင်ကားဟာ အဆင်းလမ်း ပစောက်ကွေ့မှာ ဘရိတ်ပေါက်ပြီး တောင်ကြီးဘက် တက်လာတဲ့ အိမ်စီးကား Wish ၁ စီး၊ ဟွန်ဒါဖစ် ၁ စီးနဲ့ ပရိုဘောက်ကား ၁ စီးတို့ကို ဝင်တိုက်မိတာလို့ ဆိုပါတယ်။
မြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက “တွဲကားက ကျောက်မီးသွေးတင်လာပြီး အေးသာယာဘက်ကို အဆင်းမှာ တက်လာတဲ့ ကားလေးတွေကို ဝင်တိုက်မိတာ။ ဖြစ်တဲ့နေရာက ပစောက်ကွေ့နဲ့ ကင်းတဲလေးနားမှာ။ အားလုံး ပြုတ်ကျပြီး အဆင်းလမ်းဘက်ကို ရောက်သွားတာ။ ပရိုဘောက်က လူ ၃ ဦးစလုံးတော့ အရောင်ပြောင်း(သေဆုံး)သွားတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ကားပေါ်ပါ အမျိုးသမီးသုံးဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကျောက်မီးသွေးတွဲကားပေါ်ပါ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့မှာ ပြင်းထန်ဒဏ်ရာနဲ့ ကျန်အိမ်စီးကားတွေပေါ်က အမျိုးသားတဦး သေဆုံး၊ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား သုံးဦးတို့မှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “ညနေ ၆ နာရီ ၂၅ မှာ သတင်းဝင်ပါတယ်။ ကယ်ဆယ်ရေးပြီးချိန်က ၇ နာရီခွဲပါ။ ပိတ်နေတဲ့ ကားတွေကို ဆွဲတင်တာ လမ်းပိုင်းရှင်းတာတော့ ပြီးပါပြီ။ ထိခိုက်မှုတွေရဲ့ နာမည်နေရပ်လိပ်စာတော့ အတည်ပြုနေဆဲပါ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုနေရာကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့အတူ အေးမေတ္တာအသင်း၊ တောင်ကြီးလင်းယုန်အသင်း၊ ရွှေညီကိုလူမှုကူညီရေးအသင်းနဲ့ အခြားအရပ်ဘက်အသင်းတွေက ပူးပေါင်း ကူညီကယ်ဆယ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးရုပ်အလောင်းတွေကို အရပ်အသင်းယာဉ်တွေနဲ့ တောင်ကြီး စဝ်စံထွန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
တောင်ကြီးမြို့နယ်မှာ ကုန်တင်တွဲကားတွေကို မနက် ၅ နာရီကနေ ည ၇ နာရီအတွင်းသာ ပြေးဖြတ်သန်းခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- တောင်ကြီး လူမှုကူညီရေးအသင်းများ