ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ မလွတ်မချင်း ဂါဇာမှာ ဟားမတ်စ်တွေနဲ့ စစ်ပွဲက ခြောက်လကြာနေပေမဲ့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက သဘောတူမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဧပြီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအသစ်ကို အီဂျစ်နိုင်ငံထဲမှာ စဆွေးနွေးဖို့ စီစဉ်ထားချိန်မှာ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေး အစမှာ ခုလို မှတ်ချက်ပြုခဲ့တာပါ။
နိုင်ငံတကာဖိအားတွေ တိုးလာနေပေမဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အစ္စလာမ္မစ် အုပ်ချုပ်သူ ဟားမတ်စ်တွေရဲ့ အစွန်းရောက် တောင်းဆိုချက်တွေကို အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
ဟားမတ်စ်တွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို အသေအပျောက် များအောင် တိုက်ခိုက်ခဲ့လို့ အစ္စရေးက တုံ့ပြန်ရင်း ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့တာပါ။
ဂါဇာကမ်းမြောင်ဒေသကနေ ဆုတ်ခွာသွားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာမြို့ အပါအဝင် အနာဂတ်စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့်ထ်က ပြောပါတယ်။
“တပ်ဖွဲ့တွေက ထွက်သွားပြီး သူတို့ရဲ့ နောက်ထပ် စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေပါတယ်။ ရှီဖာ စစ်ဆင်ရေးတုန်းက ဒီမစ်ရှင်တွေရဲ့ ဥပမာတွေကို မြင်ခဲ့ပြီးပါပြီ။ ရာဖာဒေသမှာ သူတို့ရဲ့ လာမယ့်မစ်ရှင်တွေကို မြင်ရမှာပါ” လို့ စစ်ဘက်အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ဂေါလန့်ထ်က ပြောခဲ့တယ်လို့ သူ့ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလေဗီက အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဧပြီ ၇ ရက်မှာ မှတ်ချက်ပေးခဲ့ပြီး အစ္စရေးစစ်တပ်ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှု မှန်သမျှကို ကိုင်တွယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ အီရန်ကို ကိုင်တွယ်နိုင်တယ်လို့ ဟာလေဗီက ရုပ်မြင်သံကြား ထုတ်ပြန်ချက်မှာ ပြောခဲ့တာပါ။
“အနီးအဝေးနေရာတွေမှာ အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်တယ်။ အမေရိကန်နဲ့ ဒေသတွင်း မဟာဗျူဟာမြောက် မိတ်ဖက်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ဟာလေဗီက ပြောခဲ့ပါတယ်။
Source/Photo-Reuters